ချောင်းဆိုးတယ်ဆိုတာ ရောဂါတခုခုရဲ့ ရောဂါလက္ခဏာသာဖြစ်ပါတယ်။ အခံရောဂါကို ကုဖို့က ပိုအရေးကြီးပါတယ်။ ချောင်းခြောက်ဆိုးတာ၊ ချွဲထွက်ပြီးဆိုးတာနဲ့ ရင်ကျပ်ပြီးဆိုးတာ စသဖြင့် ရောဂါအလိုက် ရွေးရပါမယ်။ ချွဲရှိနေသူတွေကိုပေးတာက ချွဲကိုတမင် မထွက်ထွက်အောင် လုပ်ပေးတာမျိုး ဖြစ်ပါတယ်။ ချွဲဆိုတာ အထဲမှာရှိနေရင် ထွက်လာမှကောင်းပြီး လည်ချောင်းယားလို့ ဆိုးတဲ့သူကို အဲ့လိုမျိုး ချောင်းဆိုးပျောက်ဆေး မပေးရပါ။

ချောင်းဆိုးစေတဲ့အကြောင်းတွေက မတူနိုင်ပါဘူး။ ရာသီဥတုကြောင့်ဖြစ်တာက များပါတယ်။ (အလာဂျီ) အတွက် ဆေးကို ပိုအားကိုးရပါတယ်။ ပိုးဝင်တာမှာလည်း ဗိုင်းရပ်စ်ကြောင့် ပိုများပါတယ်။ ဥပမာ အအေးမိတာဆို ပိုးသေဆေး မလိုပါ။ ဗက်တီးရီးယားကြောင့် လေပြွန်ရောင်၊ အဆုတ်ရောင်နဲ့ နူမိုးနီးယားဖြစ်ရင်တော့ ပိုးသေဆေးကို ချောင်းဆိုးပျောက်ဆေးထက် ပိုအားကိုးရပါမယ်။

Source: Dr. Mayank Shukla

လည်ချောင်းနဲ့ လေပြွန်မကြီးရောင်တာကို Croup (ခရော့ပ်) လို့လဲ ခေါ်ပါတယ်။ ဗိုင်းရပ်စ်ကနေဖြစ်တယ်။ အသံသြမယ်၊ အသက်ရှူသံ ဆူညံနေမယ်၊ စူးရှပြီး ဟောင်သလို ချောင်းဆိုးမယ်။ ၅ နှစ်အောက် ကလေးငယ်တွေမှာ ဖြစ်တာများပါတယ်။ အအေးမိရာကနေ ဆက်ဖြစ်တတ်ပြီး သူ့ဘာသာသူလည်း ပျောက်တတ်ပါတယ်။ (စတီရွိုက်) ဆေးပေးနိုင်ပြီး ရောင်နေတာတွေ လျှော့စေမယ်။ Nebulized epinephrine (Adrenaline) ဆေးကိုလဲ သုံးနိုင်တယ်။

ချောင်းဆိုးပျောက်ဆေးထဲမှာ Codeine ပါတာဆိုရင် အိပ်ချင်သလိုဖြစ်ပြီး ကြာကြာသောက်ရင် စွဲတတ်ပါတယ်။ (ကိုဒင်း) မပါတာ ရှိသလို Vick လိုမျိုး အပူပါတဲ့ ချိုချဉ်လိုငုံဆေးကလည်း သက်သာစေပါတယ်။ Cetrizine ဆေးကို ၁ ပြားလျှင် ညဖက်မှာ သောက်သင့်ပါတယ်။

Source: Maine.gov

ကလေးတွေချောင်းဆိုတာ မိခင် အစားမှားလို့ မဟုတ်ပါဘူး။ နှာခေါင်းကနေ ကူးစက်တာမို့ လေသန့်ဖို့လိုအပ်ပါတယ်။ ရာသီဥတုအကူးအပြောင်းမှာ လေနဲ့ဝန်းကျင်တစ်ဝိုက် ပြောင်းပြီးရှိလာတဲ့ အမှုံအမွှား, ပိုးမွှားတွေ ပါပါတယ်။ သဘာဝနေရောင်နဲ့ လေသန့်သန့်ရလေ ကောင်းလေဖြစ်ပြီး လူများတဲ့နေရာ ရှောင်ပါ။ ချောင်းဆိုးတဲ့သူအနား ကလေးမထားသင့်ပါဘူး။ နေမကောင်းဖြစ်နေတယ်ဆိုရင် ကျောင်းမလွှတ်သင့်ဘဲ တကိုယ်ရေသန့်ရှင်းရေးက တကယ်ကို အရေးကြီးပါတယ်။ ကလေးကိုကိုင်တွယ်သူမှန်သမျှ လက်ခဏခဏဆေးပါ။ ရိုးရိုးရေနဲ့ ရိုးရိုးဆပ်ပြာဆို လုံလောက်ပါတယ်။ ဖြစ်နိုင်ရင်တော့ လက်ဆေးရည် Hand sanitizer အရည်သုံးပါ။ ချောင်းဆိုးရင် ကိုယ့်ပါးစပ်ကို တဒေါင်ဆစ်နဲ့ကာတဲ့ အလေ့အကျင့်မျိုး လုပ်ပါ။ သင်ပေးပါ။ ရေ-အရည် ပိုသောက်တာနဲ့ နှာခေါင်းထဲ ဆားရည်စက် ချပေးတာ၊ အနားယူတာတွေ လုပ်သင့်ပါတယ်။

Source: LifeSavvy

Credit: ဒေါက်တာတင့်ဆွေ