Type 2 ဆီးချိုရောဂါဟာဆိုရင် လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်တွင်းသွေးချိုပမာဏကို အရမ်းမြင့်မားတဲ့အတိုင်းအတာတစ်ခုအထိ တက်သွားစေနိုင်ပါတယ်။ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ရောဂါနဲ့ပတ်သက်လို့ သူ့ရဲ့ကနဦးစ လက္ခဏာသွင်ပြင်တွေကို ကြိုတင်သိရှိထားမယ်ဆိုရင်တော့ ကုသမှုကို စောစောစီးစီး လက်ခံရယူနိုင်မှာဖြစ်ပြီး မလိုလားအပ်တဲ့ အန္တရာယ်တွေကို ရှောင်ရှားနိုင်မှာပါ။

မကြာခဏ ဆီးသွားခြင်း

Source: Diabetes UK

သွေးချိုပမာဏမြင့်တက်လာပြီဆိုရင် လူ့ခန္ဓာကိုယ်ထဲက ကျောက်ကပ်တွေဟာ သွေးအတွင်းရှိ လွန်ကဲနေတဲ့ သကြားဓာတ်တွေကို စစ်ထုတ်ဖယ်ရှားပစ်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါကြောင့်မို့လို့ မကြာခဏဆီးသွားတတ်တာဖြစ်ပြီး ညဖက်တွေဆို ပိုပြီးဆီးသွားလွယ်နိုင်ပါတယ်။

ရေသောက်များခြင်း

Source: The Daily Meal

ပိုကဲနေတဲ့ သကြားဓာတ်ကို သွေးထဲကဖယ်ရှားစွန့်ပစ်ဖို့အတွက် မကြာခဏဆီးသွားရလွန်းလို့ လူ့ခန္ဓာကိုယ်ထဲက ရေဓာတ်တွေကို တခြားတဖက်မှာ ဆုံးရှုံးသွားနိုင်ပါတယ်။ ထိုမှတဆင့် ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်လာပြီး မကြာမကြာ ရေဆာသလို ခံစားလာရတာလည်းဖြစ်ပါတယ်။

အမြဲတမ်းဗိုက်ဆာနေခြင်း

Source: Sky News

မကြာခဏဆိုသလို ရေဆာခြင်း သို့မဟုတ် ဗိုက်ဆာခြင်းတို့ကလည်း Type 2 ဆီးချိုရောဂါရဲ့ ကနဦးစလက္ခဏာတွေလို့ သတ်မှတ်နိုင်ပါတယ်။ ဆီးချိုရှိသူတွေဟာ သူတို့စားသုံးလိုက်တဲ့အစားအစာတွေကနေပြီး လုံလောက်တဲ့အားအင်ကို မရရှိသလို ခံစားရကြတတ်ပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း

Source: News18

Type 2 ဆီးချိုဟာ လူတစ်ယောက်ရဲ့ အားအင်ပမာဏပေါ် သက်ရောက်မှုရှိနိုင်ပြီး ထိုမှတဆင့် ပင်ပန်းနွမ်းနယ်သလို အားအင်ကုန်ခမ်းသလိုမျိုးတွေကို ခံစားစေရတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ ခန္ဓာကိုယ်ဆဲလ်တွေထဲက သွေးလမ်းကြောင်းထဲက သကြားဓာတ်လုံလောက်မှုမရှိခြင်းကြောင့်ပါ။

အမြင်အာရုံဝေဝါးလာခြင်း

သွေးထဲမှာ သကြားဓာတ်ပမာဏ အရမ်းမြင့်မားနေမယ်ဆိုရင် မျက်စိထဲက သေးငယ်တဲ့သွေးကြောလေးတွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး အမြင်အာရုံတွေ ဝေဝါးလာနိုင်ပါတယ်။ တစ်ခါတစ်လေ မျက်စိတစ်ဖက်မှာပဲဖြစ်တတ်နိုင်သလို တချို့တွေမှာကျရင် မျက်စိနှစ်လုံးလုံးမှာ ဖြစ်တတ်ကြပါတယ်။