စိတ်ဓါတ်ကျခြင်း (Depression) ကို အရင်က အသက် ၄၀ နောက်ပိုင်း လူကြီးတွေမှာပဲ ဖြစ်တတ်တဲ့ စိတ်ကျန်းမာရေးပြဿနာလို့ ထင်မှတ်ခဲ့ကြပါတယ်။ အခုတော့ တက်သစ်စ လူငယ်အသိုင်းအဝိုင်းကြားမှာတောင် Depression ဆိုတဲ့ အမှောင်နတ်ဆိုးဟာ အရိပ်မိုးပြီး ကြီးစိုးလာတာ တွေ့ရပါတယ်။ ခေတ်စနစ်ကြီးရဲ့ အရှိန်မြင့်နေတဲ့ ယဉ်ကျေးမှုပြေးလမ်းပေါ်မှာ လိုက်မမီအောင် ဝေးကွာနေတဲ့ အရာတွေ ၊ ပုံရိပ်ယောင် လူမှုကွန်ရက်လောကပေါ်က နေ့စဉ်ပေးနေတဲ့ စိတ်ဖိစီးမှုတွေနဲ့ ခေတ်သစ်လူမှုဒုက္ခတွေကြောင့် Depression ရတဲ့သူတွေ များလာတာပါ။ Depression ရသူဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့အထိ ဖြစ်နိုင်တာကြောင့် ဒီလက္ခဏာတွေ ဖြစ်လာရင် ကိုယ့်စိတ်ကို ကုသဖို့နဲ့ နားလည်တတ်ကျွမ်းသူတွေရဲ့ အကူအညီ ရယူဖို့ တိုက်တွန်းချင်ပါတယ်။

(၁) တစ်ယောက်တည်းပဲ နေချင်တယ်

Source: iStock

ဘာမှ မလုပ်ချင်တော့ဘူး။ မျှော်လင့်ချက်တွေ ပျက်သုဉ်းလို့ ဘယ်သူနဲ့မှလည်း မတွေ့ချင် စကားလည်း မဆိုချင် အထီးကျန်နေတယ် ခံစားရရင် ကိုယ့်ကိုယ်ကိုယ် သတိထားဖို့ လိုပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအားနည်းလာတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

(၂) မောပန်းလွယ်တယ်

Source: Home Sanctuary

မောပန်းလွယ်ခြင်းဟာ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပင်ပန်းနွမ်းနယ် တတ်တာလည်း ရှိပါတယ်။ ဒါမျိုးကတော့ ယာယီပြဿနာပါ။ ဘာမဟုတ်တဲ့ ကိစ္စလေးကြောင့် ရက်သတ္တပတ်တွေ ကြာအောင် နုံးပြီး နွမ်းနယ်နေတယ်။ စိတ်ထိခိုက်တတ်လာတယ်ဆိုရင်လည်း Depression ဝင်တာ ဖြစ်နိုင်ပါတယ်။

(၃) အာရုံစိုက်ဖို့ ခက်လာတယ်

Source: Women’s Alphabet

စိတ်ကျန်းမာရေးပြဿနာတွေထဲမှာ အထင်ရှားဆုံး လက္ခဏာက စိတ်အာရုံ စုစည်းလို့ မရတော့တာပါပဲ။ စိတ်ရှုပ်ထွေးနေသူ ၊ စိတ်ဖိစီးဖို့ စိတ်ဓါတ်ကျနေသူတွေမှာ အဖြစ်များဆုံး ယေဘုယျလက္ခဏာလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ် ဘာတွေ လုပ်နေမိလဲ မသိနိုင်တာလည်း ဖြစ်တတ်ပါတယ်။

(၄) အန္တရာယ်ရှိတာတွေ လုပ်ချင်လာတယ်

Source: Medical Dialogues

စိတ်သက်သာရာရဖို့ အရက်အလွန်အကျွံသောက်လာမိမယ်။ မူးယစ်ဆေးဝါးတွေ သုံးစွဲလာမယ် ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်ချင်လာတယ် ဆိုရင် အတော်ကြီး စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဓါတ်ရာတွေကို အရက်နဲ့ မူးယစ်ဆေးဝါးတွေက ဘယ်တော့မှ မကုစားနိုင်ပါဘူး။ သင့်ကိုယ်သင် ပိုမဆိုးခင် ကျန်းမာရေးအတိုင်ပင်ခံနဲ့ တွေ့ဆုံတာ အနားယူပြီး စိတ်လက်ကြည်လင်အောင် ခရီးထွက်တာမျိုး လုပ်သင့်ပါတယ်။

(၅) ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ပြတယ်

Source: Southlake Style

စိတ်ဓါတ်ကျလာရင် ပျို့အန်ခြင်း ခေါင်းမူးခြင်း အဖျားကြီးခြင်း နဲ့ အသက်ရှုရခက်ခဲခြင်းတွေ ကြုံနိုင်ပါတယ်။ စွမ်းအင် Level လည်း ထိုးကျနေမယ်။ စိတ်ထောင်းလို့ ရုပ်ထိခိုက်လာတာကိုလည်း ထင်ထင်ရှားရှား တွေ့ရမှာပါ။ အနည်းဆုံးတော့ လူမှုကွန်ရက်ပေါ်မှာ သူရေးတင်တဲ့ ပို့စ်တွေနဲ့ Share လိုက်တဲ့ အကြောင်းအရာတွေကလည်း သူ့ရဲ့ ပင်ပန်းခက်ခဲနေတဲ့ စိတ်အခြေအနေကို ဖော်ပြနေတတ်ပါတယ်။