ခေါင်းကိုက်နေတာ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်လာရင် သတိထားဖို့ လိုလာပါပြီ။ တစ်ခါတလေ နေပူထဲ အသွားများလို့ ခေါင်းကိုက်တာမျိုးကို ရိုးရိုးကိုက်တာလို့ ပြောနိုင်ပေမယ့် ဆက်တိုက် ဖြစ်လာပြီဆိုရင်တော့ အကြောင်းရင်းရှာရတော့မှာပါ။ ဘယ်လို အကြောင်းတွေကြောင့် ခေါင်းကိုက်တတ်သလဲ ။ ခေါင်းကိုက်တာကို ဘယ်လိုမျိုး သက်သာအောင် လုပ်လို့ ရမလဲဆိုတာနဲ့ ပတ်သက်ပြီး နည်းလမ်းလေးတွေ ပေးချင်ပါတယ်။

Headache ဖြစ်စေတဲ့ ယေဘုယျအကြောင်းတွေကို ကြည့်မယ်ဆိုရင် ၅ ခု ရှိပါတယ်။ စိတ်ဖိစီးမှု များလာရင်လည်း ခန္ဓာကိုယ်က တုန့်ပြန်တဲ့အနေနဲ့ ကြွက်သားတွေနဲ့ လည်ပင်းတွေ တင်းလာပြီး ဖိအားကြောင့် ခေါင်းကိုက်တတ်ပါတယ်။ ရေလုံလောက်အောင် မသောက်လို့ ရှိရင်လည်း သွေးထုထည်ကျဆင်းပြီး သွေးကြောတွေကျဉ်းလာရာကနေ ရေဓါတ်ခမ်းပြီး ခေါင်းကိုက်နိုင်ပါတယ်။

Source: Real Simple

ခေါင်းတစ်ခြမ်းကိုက်ခြင်းလို ဝေဒနာမျိုးဟာ အသက်ရှုလမ်းကြောင်း ယောင်ယမ်းမှုကြောင့် ဖြစ်တတ်ပါတယ်။ ပါရာစီတမောတို့ ၊ အက်စ်ပရင် နဲ့ ကဖိန်းတို့ကို အလွန်အကျွံသုံးရင်လည်း ခေါင်းကိုက်တတ်တာပါပဲ. ဒါကြောင့် ခေါင်းကိုက်ပျောက်ဆေးတွေ သိပ်မသောက်မိစေဖို့ လိုပါတယ်။ ကော်ဖီမှာ ပါတဲ့ ကဖိန်းဓါတ်ဟာလည်း သွေကြောဖွဲ့စည်းမှုကို ပိုကျဉ်းစေရာကနေ ခေါင်းကိုက်စေနိုင်ပါတယ်။

ခေါင်းကိုက်ပြီဆိုရင် ဆေးသောက်သုံးတာ အပြင် ဆေးမကူဘဲ သက်သာအောင်လည်း လုပ်လို့ရတဲ့ နည်းတွေ ရှိပါတယ်။ အနားယူလိုက်မယ်ဆိုရင် ခေါင်းကိုက်သက်သာသွားတတ်ပါတယ်။ စိတ်ဖိစီးမှု များလို့ ခေါင်းကိုက်တတ်တဲ့ သူတွေမှာဆို ယောဂကျင့်တာ ၊ တရားထိုင်ပြီး အသက်ရှုလေ့ကျင့်ခန်းလုပ်တာနဲ့တင် ခေါင်းကိုက်ဝေဒနာသက်သာနိုင်ပါတယ်။

Source: Fletcher Chiropractic

ကွန်ပျူတာ Screen ကို အကြည့်များသူတွေလည်း စူးရှတဲ့ အလင်းကြောင့် ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာအလင်းကို လျှော့ထားပါ။ Screen ကနေ ခဏခွာပါ။ တောက်လျှောက်ကြီး ကွန်ပျူတာ နဲ့ ဖုန်းတွေ သုံးတာမျိုး လျှော့ချပါ။ သိပ်မအေးတဲ့ ရေများများ သောက်ပါ။ ဖြစ်နိုင်ရင် တစ်နေ့ကို ရေဖန်ခွက် ၇ ဖန်ခွက် ၈ ဖန်ခွက်လောက် သောက်သင့်ပါတယ်။ ခေါင်းကိုက်သက်သာချင်တယ်ဆိုရင် ဂျင်းလက်ဖက်ရည်သောက်တာကလည်း ထိရောက်တဲ့ သဘာဝကုထုံးတစ်ခု ဖြစ်ပါတယ်။

Source: Brightside