၀က်ခြံကိုဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရင်းအမျိုးမျိုးရှိပြီး ထိုအထဲမှ အချို့ကတော့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတတ်ပါတယ်။

ဒီအတွက် မျက်နှာပေါ်ရှိ နေရာအမျိုးမျိုးမှာ ဖြစ်ပေါ်တတ်တဲ့ ဝက်ခြံတွေကိုကြည့်ပြီး ဘယ်လိုမျိုးကျန်းမာရေးပြဿနာတွေ ဖြစ်နေသလဲဆိုတာ သိရှိဖို့အတွက် MyHealth Myanmar မှ ဖော်ပြပေးလိုက်ရပါတယ်။

နဖူး

နဖူးပေါ်မှာ ဝက်ခြံထွက်ခြင်းက စိတ်ဖိစီးမှုအလွန်များခြင်း သို့မဟုတ် အိပ်ချိန်လုံလုံလောက်လောက်မရှိခြင်းတို့ကြောင့် ဖြစ်လာရတာပါ။ အစာမကြေသည့်ပြဿနာမျိုးတို့ကိုလည်း ဖော်ပြနေတာဖြစ်ပြီး အခြားပြဿနာတွေကလည်း နောက်ထပ်ဖြစ်နိုင်ခြေပါပဲ။

မေးရိုးနှင့်မေးစေ့

ထိုနေရာများတွင် ဝက်ခြံဖြစ်ခြင်းက အမြဲတမ်းဟော်မုန်းနဲ့သက်ဆိုင်နေပါတယ်။ ဟော်မုန်းပမာဏကို စမ်းသပ်ကြည့်ဖို့လိုအပ်ပြီး အမျိုးသမီးတွေ ရာသီလာချိန်မှာလည်း ထိုဟော်မုန်းဆိုင်ရာ ဝက်ခြံတွေဖြစ်တတ်တာက သမားရိုးကျပါပဲ။

မျက်နှာထောင့်နေရာတွေ

ဒီလိုဝက်ခြံတွေကလည်း ဟော်မုန်းပြဿနာတွေကြောင့် ဖြစ်ပေါ်လာရတာပါ။ ဒါ့အပြင် ဝက်ခြံတွေပိတ်ဆို့ခြင်း၊ ယားယံခြင်းတို့ကြောင့်လည်း ဖြစ်လာနိုင်ပြီး အသားအရေအတွက်ကောင်းမွန်တဲ့ သဘာဝအသားအရေထိန်းသိမ်းမှုပစ္စည်းများကို ရွေးချယ်အသုံးပြုပါ။

ပါးနှစ်ဖက်

ပါးနှစ်ဖက်တွင် ဝက်ခြံတွေ၊ အနီကွက်တွေဖြစ်လာခြင်းက သကြားသုံးစွဲမှုမြင့်မားလာတာကြောင့်ပါ။ ဒါကြောင့် သကြားသုံးစွဲမှုကို လျော့ချပစ်ပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးပါ။ ပါးနှစ်ဖက်ဟာ အဆုတ်နဲ့လည်း ဆက်နွယ်နေတာကြောင့် ထိုနေရာတဝိုက်မှာ ဝက်ခြံဖြစ်လာပြီဆိုရင်တော့ အသက်ရှုလမ်းကြောင်းဆိုင်ရာမှာ ပြဿနာဖြစ်နေနိုင်ပါပြီ။

နောက်ထပ်ဖြစ်နိုင်ခြေကတော့ ဖုန်းအသုံးပြုခြင်းကြောင့်ပါပဲ။ ဖုန်းမျက်နှာပြင်တွေမှာ ဘတ်တီးရီးယားများ ကပ်ညိနေတတ်ပြီး မျက်နှာနှင့်ကပ်ပြီး ဖုန်းပြောသည့်အခါ ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့် ဖုန်းမျက်နှာပြင်ကို မကြာမကြာ သန့်ရှင်းပေးပါ။

မျက်ခုံးနှစ်ခုကြား

မျက်ခုံးနှစ်ခုကြားတွင် ဝက်ခြံပေါက်လာလျှင်တော့ အသည်းပြဿနာတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ အသည်းတွင်လှုပ်ရှားမှုအများအပြားရှိပြီး အစာခြေစနစ်နှင့် ဇီဝဖြစ်စဉ်အတွက် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမှာ ပါဝင်နေပါတယ်။ ထိုမျက်ခုံးနှစ်ခုကြား ဝက်ခြံပေါက်ပြီဆိုရင်တော့ အစာစားတာနည်းလမ်းမမှန်ဘဲ အဆီအစိမ့်စာတွေ အများကြီးစားနေမိတာကို ဖော်ပြနေပါတယ်။

နှာခေါင်းနှင့် အပေါ်နှုတ်ခမ်း

အပူ၊ အငန်၊ အစပ်နှင့် အဆီများသော အစားအစာများကို အလွန်အကျွံစားသုံးသည့်အခါ နှာခေါင်းနေရာတွင် ဝက်ခြံပေါက်လာနိုင်ပါပြီ။ ထိုကဲ့သို့အစားအစာများကို လျှော့စားပြီး နှလုံးကျန်းမာရေးနှင့် သွေးပေါင်ချိန်ကို ဂရုစိုက်ပါ။

နှုတ်ခမ်းအပေါ်ဖက်နှင့် နှာခေါင်းထိပ်တွင် ဝက်ခြံပေါက်ခြင်းက နှလုံး၊ သရက်ရွက် သို့မဟုတ် အဆုတ်ပြဿနာများရဲ့ အကျိုးဆက်ဖြစ်နိုင်ပါတယ်။

Source: BrightSide