လက်ဖက်ရည်ဆိုတာ လူမှုရေးနဲ့ ယဉ်ကျေးမှုဘဝရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။ ဧည့်သည်ဧည့်ခံတဲ့အခါမျိုးတွေ မနက်စာစားတဲ့အခါမျိုးတွေနဲ့ လက်ဖက်ရည်ကို ဧည့်ခံလေ့ သောက်လေ့ ရှိကြပါတယ်။ ဒါပေမယ့် တချို့သောပေါင်းစပ်မှုက ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေနိုင်သလို အာဟာရစုပ်ယူမှုကို ကန့်သတ်နိုင်ပါတယ်။ တကယ်လို့ သင့်က လက်ဖက်ရည်ကြိုက်တဲ့လူဆိုရင်တော့ လက်ဖက်ရည်နဲ့အတူတူ တွဲမစားသင့်တဲ့ အစားအစာနဲ့ အချိုရည်တချို့ကို ဝေမျှပေးလိုက်ပါတယ်။

သံဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်များ

သံဓာတ်ကြွယ်ဝတဲ့ အသီးအရွက်တွေကို လက်ဖက်ရည်နဲ့တွဲစားတာက ခန္ဓာကိုယ်ထဲမှာ သံဓာတ်စုပ်ယူမှုကို ကန့်သတ်ပေးပါတယ်။ ဘာလို့လဲဆိုတော့ လက်ဖက်ခြောက်က သံဓာတ်ပါ၀င်တဲ့အစားအစာတွေရဲ့ သံဓာတ်စုပ်ယူမှုကို ဟန့်တားတဲ့ Tannins နဲ့ Oxalates ဓာတ်များ ပါဝင်တာကြောင့်ပါ။

သံပုရာရည်

လက်ဖက်ရည်မသောက်မီ ဒါမှမဟုတ် သောက်ပြီးခါစမှာ သံပုရာရည်ကို ချက်ချင်းမသောက်သင့်ပါဘူး။ လက်ဖက်ရွက်ကို သံပုရာရည်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ လက်ဖက်ခြောက်ကို အက်စစ်ဓာတ်ဖြစ်စေပြီး ဝမ်းချုပ်စေနိုင်ပါတယ်။ မနက်ခင်းစားမိရင် အက်ဆစ်ပြန်တက်ခြင်းနဲ့ ရင်ပူခြင်းတို့လို ပြဿနာများကို ဖြစ်စေနိုင်တာကြောင့် အချဉ်ဓာတ်ကို ခံစားနေရပြီဆိုရင် ဒီလက်ဖက်ရည်ကို လုံးဝရှောင်တာ အကောင်းဆုံးပါပဲ။

နနွင်း

လက်ဖက်ရည်သောက်တဲ့အချိန် နနွင်းပါတဲ့ အစားအစာတွေက ဓာတ်ငွေ့၊ အချဉ်ဓာတ် သို့မဟုတ် ဝမ်းချုပ်ခြင်းတို့လို အစာအိမ်ပြဿနာများကို ဖြစ်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

အအေးအစားအစာ

လက်ဖက်ရည်ပူပူနဲ့ အေးတဲ့အစာတွေကို ဘယ်တော့မှအတူ တွဲမစားမိပါစေနဲ့။ အတူစားမိရင် အစာချေဖျက်မှုဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေပြီး မတူညီတဲ့ အပူချိန်ရှိတဲ့ အစားအစာတွေကို အတူတကွ စားသုံးတာက အစာချေဖျက်မှု လုပ်ငန်းစဉ်ကို အားနည်းစေပြီး မအီမသာ ဖြစ်စေနိုင်ပါတယ်။ လက်ဖက်ရည်ပူပူသောက်ပြီး အနည်းဆုံး မိနစ် 30 တွင်း အအေးအစားအစာတွေစားတာကို ရှောင်ကြဉ်ပါ။

ဒိန်ချဥ်

လက်ဖက်ရည်နဲ့ဒိန်ချဉ်နှစ်မျိုးလုံးရဲ့ သဘာဝကိုက အက်စစ်ဓာတ်ပါဝင်တာကြောင့် ဒိန်ချဉ်ပါတဲ့ အစာစားပြီးချင်း လက်ဖက်ရည်သောက်တာက ဗိုက်အောင့်စေပြီး အစာချေဖျက်မှုပြဿနာကို ဖြစ်စေနိုင်ပါတယ်။

အက်ဆစ်ဓာတ်များတဲ့အစားအစာများ

လိမ္မော်သီးလို အချဉ်ဓာတ်များတဲ့အစားအစာတွေက လက်ဖက်ရည်မှာပါရှိတဲ့ Catechins (antioxidants) စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် လက်ဖက်ရည်လို အက်စစ်ဓာတ်ပါတဲ့အစားအစာကို တစ်ချိန်တည်း စားသုံးမိရင် ခန္ဓာကိုယ်ကနေ စုပ်ယူနိုင်တဲ့ Catechins ပမာဏကို လျှော့ချနိုင်ပါတယ်။

ချိုတဲ့အစားအစာများ

ကိတ်မုန့်၊ ဘီစကွတ်နဲ့ ချောကလက်တို့လို ချိုတဲ့အစားအစာတွေက လက်ဖက်ရည်ရဲ့အရသာကို ပိုကောင်းစေပေမယ့် သကြားအလွန်အကျွံစားသုံးခြင်းက သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်တက်စေတာကြောင့် စွမ်းအင်ပျက်ဆီးမှုနဲ့ အခြားကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဆီများတဲ့အစားအစာများ

ကြော်ထားတဲ့ ဒါမှမဟုတ် အဆီများတဲ့အစားအစာတွေက အစာကြေဖို့ ခက်ခဲပါတယ်။ လက်ဖက်ရည်က အစာချေဖျက်ရာမှာ အထောက်အကူဖြစ်စေနိုင်ပေမယ့် ဆီများတဲ့အစားအစာများနဲ့တွဲစားရင်တော့ အစာကြေဖို့ ခက်ခဲသွားမှာပါ။

သစ်သီးများ

အာဟာရပညာရှင်အများစုက လက်ဖက်ရည်တစ်ခွက်နဲ့အတူ အသီးအနှံတွေကို စားသုံးဖို့ အကြံပြုထားကြပေမယ့် အတူစားမိရင် အချဉ်ဓာတ်နဲ့ တခြားအစာခြေပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စားမယ်ဆိုရင် အနည်းဆုံး မိနစ် 30 ကွာဟထားဖို့တော့ လိုပါတယ်။

အရသာပြင်းတဲ့အစားအစာများ

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငံပြာရည်ပူပူ၊ ဟင်းနဲ့ ငရုတ်သီးတို့လိုစပ်တဲ့ ဒါမှမဟုတ် အရသာပြင်းတဲ့အစားအစာတွေက လက်ဖက်ရည်ရဲ့နူးညံ့တဲ့အရသာကို လွှမ်းမိုးနိုင်တာကြောင့် လက်ဖက်ရည်ရဲ့အနံ့နဲ့အရသာကို အပြည့်အဝ နားလည်ဖို့ ခက်ခဲစေပါတယ်။ ဒါကြောင့် လက်ဖက်ရည်ရဲ့အရသာကို မလွှမ်းမိုးစေဘဲ ပေါ့ပါးပြီးအရသာရှိတဲ့သရေစာမုန့်တွေကို ရွေးချယ်တာက အကောင်းဆုံးပါ။