ထိခိုက်မိလို့ ဒဏ်ရာရတဲ့အခါ ထိခိုက်ဒဏ်ရာကြောင့် အရေပြားပျက်စီးသွားတဲ့အခါ ဒဏ်ရာကို ဖြည့်ဖို့လုပ်ထားတဲ့ ကော်လဂျင်အသစ်က နဂိုအရေပြားနဲ့ မတူတဲ့အတွက် အနာကျက်ပြီး အမာရွတ်တွေ ပေါ်လာတာပါ။ ဒဏ်ရာ ပိုနက်လေလေ အမာရွတ်ဖြစ်နိုင်ခြေ ပိုများလေပါ။ ဒါကြောင့် ထိခိုက်မိလို့ ဒဏ်ရာရတဲ့အခါ အမာရွတ်မကျန်စေဖို့အတွက် လျော့ကျစေဖို့ ဒီအချက်တွေကို သတိထားပါ။

သန့်ရှင်းအောင်ထားပါ

အနာဖြစ်လာရင် ဒဏ်ရာကို သန့်ရှင်းအောင်ထားသင့်ပါတယ်။ အနာကိုသန့်ရှင်းတဲ့အခါ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်လိုမျိုး ပိုးသတ်ဆေးတွေက အမာရွတ်တွေဖြစ်စေနိုင်တာမလို့ ဆပ်ပြာနဲ့ ရေနဲ့ဘဲ ဆေးပေးပါ။

ချုပ်ရိုးချုပ်ဖို့ အချိန်အကြာကြီး မစောင့်ပါနဲ့

ဒဏ်ရာရလာလို့ ချုပ်ဖို့လိုအပ်ရင် မကြောက်ပါနဲ့ ။ တတ်နိုင်သမျှအမြန်ဆုံးချုပ်ပါ။ ဒါက ဒဏ်ရာကိုမြန်မြန်ပျောက်အောင် ကူညီပေးသလို အမာရွတ်အရွယ်အစားကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အစိုဓာတ်ထိန်းထားပါ

ဒဏ်ရာကိုဆေးကြောပြီးရင် ဒီအတိုင်းအခြောက်ထားမယ့်အစား Petroleum Jelly လိမ်းပြီး ပတ်တီးနဲ့အုပ်ထားတာက အနာကျက်မြန်စေပြီး အမာရွတ်အရွယ်အစားကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဒဏ်ရာကိုလက်နဲ့မခွာပါနဲ့

အနာမကျက်ခင် အနာဖေးတွေကိုခွာတာ လက်နဲ့ခနခနကိုင်တာတွေက လက်ပေါ်က ဘက်တီးရီးယားပိုးတွေ ကူးနိုင်တဲ့အပြင် အနာကျက်မှုကို နှောင့်နှေးစေပြီး အမာရွတ်တွေကို ပိုဆိုးစေပါတယ်။

Dressing လုပ်ပေးပါ

Dressing လုပ်တာက ဒဏ်ရာကို ကာကွယ်ဖို့ ၊ စိုစွတ်နေစေဖို့နဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုကနေ ကာကွယ်ဖို့ ကူညီပေးပါတယ်။