Dysmenorrhea ဆိုတာ ဓမ္မတာလာစဉ်ဖြစ်ပေါ်လာတဲ့ ဝမ်းဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲခြင်း ပြဿနာပါ။ ဆယ်ကျော်သက်မိန်းကလေးများကြားမှာ အဖြစ်အများဆုံး မီးယပ်ပြဿနာပါ။ လေ့လာမှုတစ်ခုအရ ဆယ်ကျော်သက် 80% နီးပါးဟာ ရာသီလာတဲ့အခါ ပြင်းထန်ပြီး နာကျင်တဲ့ဝေဒနာကို ခံစားရပါတယ်။

အဲဒါတွေအားလုံးဟာ ဟော်မုန်းတွေနဲ့ ဆက်စပ်နေပြီး ဆယ်ကျော်သက်တစ်ယောက်ရဲ့ ဦးနှောက်မရင့်ကျက်မှုကြောင့် ရာသီလာချိန်က တအားပင်ပန်းလှပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်မိန်းခလေးတွေ ရာသီလာစဉ်နာကျင်မှုကို ကျော်လွှားနိုင်ဖို့အတွက် အကြံပြုချက်များ ဝေမျှလိုက်ပါတယ်။

ရာသီလာစဉ်နာကျင်မှုကို ခံစားနေရရင် ရေနွေးဘူး သို့မဟုတ် အပူပေး pad ကို ဝမ်းဗိုက်အောက်ပိုင်းမှာ ကပ်ထားပေးရင် နာကျင်မှုကို သက်သာစေပါတယ် ။ ရေပူနဲ့ရေချိုးတာကလည်း ဝေဒနာသက်သာစေဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။

ပဋိသန္ဓေတားဆေးတွေမှာ Estrogen နဲ့ Progesterone၊ မျိုးဥထွက်ခြင်းကို တားဆီးပေးပြီး ရာသီသွေးစီးဆင်းမှုကို သက်သာစေတဲ့ဟော်မုန်းများ ပါဝင်ပါတယ်။ ဒီဟော်မုန်းတွေက ရာသီကြွက်တက်ခြင်းရဲ့ ပြင်းထန်မှုကို သက်သာစေနိုင်ပါတယ်။ ဒါတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ဖို့တော့ လို်အပ်ပါတယ်။

တချို့ နာကျင်လွန်းတဲ့ရာသီလာတာက Endometriosis သို့မဟုတ် မွေးရာပါ သားအိမ်ကွဲလွဲချက်များကြောင့်လည်း ဖြစ်တတ်ပါတယ် ။ သင့်မီးယပ်ဆရာဝန်နဲ့တိုင်ပင်ပြီး အာထရာဆောင်းရိုက်တာက ပြင်းထန်တဲ့အခြေအနေရှိမရှိ စစ်ဆေးကြည့်ပါ။ ပုံမှန်မဟုတ်တဲ့တစ်သျှူးတွေကို ခွဲစိတ်ဖယ်ရှားပြီး ရောဂါလက္ခဏာများကို လျှော့ချနိုင်ပါတယ်။

လမ်းလျှောက်ခြင်းလိုမျိုး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေက အမျိုးသမီးအချို့ ရာသီလာစဉ် နာကျင်ကိုက်ခဲမှု ပြင်းထန်မှုကို လျှော့ချနိုင်ပါတယ်။ ယောဂမှာလည်း သားအိမ်ကြွက်သားများကို ပြေလျော့စေဖို့နဲ့ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျှော့ချတဲ့ လေ့ကျင့်ခန်းများစွာရှိပါတယ်။

ရာသီလာချိန်အတွင်း ရေဓာတ်ပြည့်ဝနေစေဖို့ ရေများများသောက်တာကလည်း ရာသီလာချိန်အတွင်း နာကျင်မှုကို သက်သာစေပါတယ်။

လတ်ဆတ်တဲ့ သစ်သီးများ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ အစေ့အဆန်တို့လို ဗီတာမင်နဲ့အမျှင်ဓာတ်များ မျှတတဲ့အစားအစာကို စားသုံးခြင်းကလည်းရာသီလာချိန် ကျန်းမာရေးအပေါ် ကောင်းတဲ့ အကျိုးသက်ရောက်မှုများ ရှိစေပါတယ်။