အရွယ်ရောက်ပြီးသား လူတစ်ဝက်ခန့်ဟာ ရံဖန်ရံခါ ဟောက်တတ်ကြပြီး အချို့လူများကတော့ ပုံမှန်ကိုဟောက်တတ်ကြပါတယ်။ ဟောက်တာက ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်တာကို အနှောင့်အယှက်ဖြစ်စေရုံသာမက အိမ်ထောင်ရှင်များဆိုရင်တော့ ဘေးနားမှာရှိနေတဲ့ ဇနီးသည်ကိုပါ စိတ်ရှုပ်စရာဖြစ်လာစေပါတယ်။

ဟောက်တဲ့ပြဿနာက အမျိုးသမီးများထက် အမျိုးသားများမှာ ပိုပြီးအဖြစ်များပြီး အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်အလေးချိန်တက် လာတာနဲ့အမျှ ပိုပြီးဆိုးရွားလာနိုင်ပါတယ်။

ဒါကြောင့် ဒီလိုစိတ်ရှုပ်စရာ အိပ်မက်ဆိုးတွေကနေ မြန်မြန်လွတ်မြောက်နိုင်အောင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးကြည့်လိုက်ပါ။

အိပ်တဲ့ပုံစံပြောင်းပါ

Source: Sleepverse

ပက်လက်လှန်အိပ်ခြင်းက လျှာကိုအနောက်သို့လိပ်သွားစေနိုင်တာကြောင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သွားစေနိုင်ပြီး ဟောက်တာကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မနေတတ်ဘူးဆိုရင်တောင် ဘေးတစ်ခြမ်းစောင်းပြီး အိပ်ကြည့်ပေးပါ။ အစပိုင်းမှာတော့ မအိပ်တတ်သေးရင် တစ်ခုခု ခံပြီးအိပ်ပေးပါ။

အရက်သေစာရှောင်ကြဉ်ပါ

Source: MyHealthyVibe

မူးယစ်သောက်စားခြင်းကလည်း ပုံမှန်အချိန်မှာ မဟောက်တတ်သူတွေကိုပါ ထိုအကျင့်ရလာစေနိုင်ပါတယ်။ ဘီယာ၊ အရက်တွေကို မကြာခဏသောက်သုံးခြင်းဟာ ကြွက်သားတွေကို အလွန်ပြေလျော့သွားစေပြီး ညအိပ်သည့်အခါ တုန်ခါခြင်းကို ဖြစ်ပေါ်လာစေပါတယ်။ ညအိပ်ရာမဝင်ခင် ၃ နာရီ ၄ နာရီအလိုလောက်ကတည်းက အရက်တွေမသောက်တော့ပါက အိပ်စက်မှုကိုအထောက်အကူပြုစေပြီး ဟောက်မှာလည်းမစိုးရိမ်ရတော့ပါဘူး။

အိပ်ရေးဝဝအိပ်ပါ

Source: elevate.com.au

တစ်နေ့လျှင် အနည်းဆုံး ၇ နာရီလောက် အိပ်ရေးလုံလုံလောက်လောက်မရရှိပါက ရက်များဆက်လာသည့်အခါ ဟောက်တဲ့ပြဿနာကို ပိုပြီးဆိုးရွားလာစေနိုင်ပါတယ်။ အလွန်အကျွံပင်ပန်းနွမ်းနယ်ခြင်းက ကြွက်သားတွေကို အားပျော့လာစေကာ ညအိပ်သည့်အခါ ဟောက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

အိပ်ခန်းသန့်ရှင်းရေးလုပ်ပါ

Source: burnbox.co

ဓာတ်မတည့်တာ၊ ဖုန်မှုန့်များကလည်း ဟောက်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းများထဲမှ တစ်ခုအပါအဝင်ပါပဲ။ ကိုယ့်ရဲ့အိပ်ခန်းကို မကြာခဏ ဖုန်သန့်ရှင်းပြီး မျက်နှာကြက်မှာပန်ကာတပ်ထားပါက တပါတည်းသန့်ရှင်းရေးလုပ်ပါ။ အိပ်ရာခင်းများကိုလည်း မှန်မှန်လျှော်ဖွပ်ပြီး ကန့်လန့်ကာများကိုလည်း ဖုန်ခါပါ။ အကယ်လို့ သင်ဟာ ညအိပ်တဲ့အခါ ဟောက်တတ်ပါက အိမ်မွေးတိရစ္ဆာန်လေးများကို အိပ်ရာပေါ်ခေါ်မသိပ်ပါနဲ့။

ရေများများသောက်ပါ

Source: St. Hope Foundation

အာခြောက်သည့်အခါ နှာခေါင်းနဲ့လည်ပင်းတို့လည်း ခြောက်သွေ့လာပါတယ်။ ထိုမှတဆင့် အကျိအချွဲများဖြစ်ပေါ်လာပြီး ယားယံခြင်း၊ ရောင်ရမ်းခြင်းတို့ဖြစ်ပေါ်လာပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပေးပါက ဟောက်တာကိုသက်သာစေနိုင်မှာပါ။

ဆေးလိပ်မသောက်ပါနဲ့

Source: sunfood.com

ဆေးလိပ်သောက်ခြင်းက နှာခေါင်းနဲ့လည်ပင်းရှိ အမြှေးလေးတွေကို ယားယံစေ၊ ရောင်ရမ်းစေပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်အလေးချိန်လျော့ချခြင်းနှင့်အတူ ဆေးလိပ်ဖြတ်လိုက်ပါက ဟောက်တာသာမကပဲ အခြားသောအကျိုးကျေးဇူးတွေကိုပါ ရရှိနိုင်ပါတယ်။

Credit: www.artofmanliness.com