လူသားများ၏ ခန္ဓာကိုယ် ၆၀ ရာခိုင်နှုန်းဟာ ရေဓာတ်ပြည့်ဝနေတာဖြစ်ပြီး ဆဲလ်တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အညစ်အကြေးများကို စွန့်ထုတ်ရန်၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အားဖြည့်ရန်၊ အောက်စီဂျင် ပုံမှန်လည်ပတ်ရန်၊ ချွေးဖြင့် ခန္ဓာကိုယ်ကိုအေးမြအောင်လုပ်ဖို့တို့အတွက် ရေကိုအသုံးပြုကြပါတယ်။

သို့သော်လည်း သင့်ရဲ့ အသက်ရှုရှိုက်မှု၊ ကြွက်သားများ၊ အသားအရေနှင့် ဦးနှောက် အလုပ်လုပ်မှုတို့အပေါ်မှာ ဘယ်လိုပတ်သက်နေသလဲဆိုတာကို သိရှိစေနိုင်ဖို့အတွက် အခုပဲဖော်ပြပေးလိုက်ရပါတယ်။

ဦးနှောက်

ရေမှန်မှန်သောက်သုံးခြင်းဟာ သင့်ရဲ့မှတ်ဉာဏ်ကို စူးရှထက်မြက်စေဖို့နှင့် စိတ်ခံစားချက် တည်ငြိမ်ခြင်းတို့ကို ဖြစ်စေနိုင်ရုံသာမက ရေဓာတ်ပြည့်ဝနေပြီဆိုလျှင် ပြဿနာများကို လွယ်လွယ်ကူကူ စဉ်းစားတွေးခေါ်နိုင်အောင် ကူညီပေးပါတယ်။ လုံလောက်သည့်ရေပမာဏကို မသောက်သုံးမိဘူးဆိုလျှင်တော့ ဦးနှောက်သို့ အောက်စီဂျင်ရောက်ရှိမှု သို့မဟုတ် အာရုံကြောများ ခေတ္တခဏကျုံ့သွားခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။

ပါးစပ်

သင့်ရဲ့လည်ပင်းနှင့် နှုတ်ခမ်းတို့ကို ခြောက်သွေ့မှုမရှိဘဲ စိုစွတ်နေစေဖို့အတွက် ရေမှကူညီပေးတာဖြစ်ပါတယ်။ ရေကိုလုံလုံလောက်လောက် မသောက်သုံးသည့်အခါမှာတော့ ပါးစပ်ခြောက်လာပြီး ခံတွင်းအနံ့ဆိုးတွေ သို့မဟုတ် ပါးစပ်အရသာပျက်ရုံသာမက သွားပိုးများပေါက်ဖွားဖို့ပါ ဖြစ်လာနိုင်ပါတယ်။

နှလုံး

ရေဓာတ်ကုန်ခမ်းခြင်းဟာ သွေးထုထည်ကို လျော့နည်းစေတာကြောင့် ဆဲလ်များဆီသို့အောက်စီဂျင်ရောက်ဖို့နှင့် လျော့နည်းသွားသည့် သွေးပမာဏ ပြန်လည်ဖြည့်တင်းဖို့အတွက် နှလုံးမှအလွန်ရုန်းကန်ပြီး အလုပ်လုပ်ရပါတော့တယ်။ ထိုအခါ လှေကားထစ်တက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စသည့် ကိုယ်လက်လှုပ်ရှားမှုများတွင် အခက်အခဲဖြစ်လာတာကို ကြုံတွေ့ရနိုင်ပါတယ်။

ခြေလက်အင်္ဂါများ

အရိုးအဆစ်များ သွက်သွက်လက်လက်ရှိစေဖို့အတွက် ရေဟာအလွန်အရေးကြီးတာကြောင့် ဂရုတစိုက်သောက်သုံးပေးဖို့လိုအပ်ပါတယ်။ ရေဓာတ်ကုန်ခမ်းခြင်းကြောင့် ကြွက်တက်တာမဖြစ်နိုင်ပေမယ့်လည်း ကြွက်သားတွင် ဒဏ်ဖြစ်သွားစေနိုင်ပါတယ်။

အသားအရေ

လူတစ်ယောက်ဟာ ရေဓာတ်အလွန်အမင်းခမ်းခြောက်နေပြီဆိုပါက အသားအရေဟာလည်း ပျော့တွဲလို့လာပါတယ်။ ဆပ်ပြာအသုံးမှားခြင်း၊ ရေပူနှင့်ချိုးခြင်း၊ ခြောက်သွေ့သည့်လေနှင့် ထိတွေ့မိသည့်အတွက် အသားအရေခြောက်သွေ့ခြင်းမျိုးမဟုတ်ပါဘူး။ ဒါကြောင့် မျက်နှာပေါ်ရှိ အရေးအကြောင်းများ၊ အသားအရေပျော့တွဲခြင်းများ သက်သာစေရန်အတွက် ရေများများသောက်သုံးပေးပါ။

ကျောက်ကပ်

သွေးအတွင်းမှ အညစ်အကြေးများကို ဆီးအဖြစ်နှင့်စွန့်ထုတ်နိုင်ရန်အတွက် ကျောက်ကပ်ဟာ ရေကိုအသုံးပြုရပါတယ်။ ခန္ဓာကိုယ်အတွင်း ရေဓာတ်အပြည့်ရှိနေလျှင် ဆီးအောင့်ခြင်းနှင့် ကျောက်ကပ်ကျောက်တည်ခြင်းတို့မဖြစ်အောင် ကာကွယ်ပေးနိုင်ပေမယ့်လည်း ရေဓာတ်ကုန်ခမ်းနေ လျှင်တော့ ကျောက်ကပ်အလုပ်မလုပ်နိုင်တော့ဘဲ ကိုယ်အတွင်းမှာ အဆိပ်အတောက်တွေ အပြည့်ဖြစ်လာကာ ကျန်းမာရေးကိုထိခိုက်လာနိုင်ပါတယ်။