ဆံပင်အဖျားနှစ်ခွဖြစ်တာ ဆံသားကျိုကြေပျက်စီးတာမျိုးကို ဘယ်သူကမှ လိုချင်ကြမှာမဟုတ်ပါဘူး။ ဆံကေသာဆိုတာ ကျွန်မတို့ မိန်းမသားတွေ အတွက်တော့ ဒုတိယမျက်နှာလို့ တင်စားကြပါတယ်။ ဆံကေသာအလှဟာလည်း မိန်းကလေးတွေ တန်ဖိုးထားရတဲ့ အလှတရားတစ်ခုပါပဲ။

အုန်းဆီ

အုန်းဆီဟာ ဆံကေသာအတွက် များစွာအကျိုးကျေးဇူးရှိနေပါတယ်။ အုန်းဆီကို ဆံကေသာ နူးညံ့ချောမွေ့စေပြီး ဆံပင်ထူစေဖို့ အသုံးပြုကြသလို ဆံကေသာကို တောက်ပြောင်သန်စွမ်းစေဖို့ သုံးကြပါတယ်။

ပါဝင်ပစ္စည်း

အုန်းဆီ

ကိုယ့်ဆံကေသာနဲ့ လုံလောက်မယ့် အုန်းဆီ ပမာဏကို ယူပါ။ အရင်ဆုံး အုန်းဆီကို  အပူပေးလိုက်ပါ။ ပြီးရင် နွေးနွေးလေးဖြစ်တဲ့ထိ ခဏထားပြီး ဦးရေပြားနဲ့ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးထားပါ။ ပြီးရင် ဦးရေပြားကို သေချာလေး နှိပ်နယ်ပေးရပါမယ်။

အဲဒီနောက် တဘက်နဲ့ ဆံပင်ကို ပေါင်းပေးပြီး နာရီဝက်လောက်ထားပါ။ ပြီးရင်တော့ ကိုယ်လျှော်နေကျ ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချလိုက်ပါ။

တစ်ပတ်ကို ၂ကြိမ်လုပ်ပေးပါ။ ၁ လလောက်ဆိုရင်သိသာလာမှာဖြစ်ပါတယ်။

ပျားရည်နဲ့သံလွင်ဆီ

ပါဝင်ပစ္စည်းနှစ်မျိုးလုံးက ဆံကေသာကို သန်စွမ်းစေသလို ဆံပင်အဖျားနှစ်ခွဖြစ်တာကို သက်သာစေပါတယ်။

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်းကို ခွက်တစ်လုံးထဲထည့်လိုက်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင်ဦးရေပြားနဲ့ ဆံပင်အရင်းကနေ အဖျားထိ လိမ်းပေးလိုက်ပြီး သေချာနှိပ်ပေးပါ။ နာရီဝက်လောက်ထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပါ။ တစ်ပတ်ကို ၂ ကြိမ် ၁ လတိတိလုပ်ပေးပါ။

ကြက်ဥ နဲ့ သံလွင်ဆီ

ကြက်ဥနဲ့ သံလွင်ဆီဟာလည်း ဆံကေသာကို သဘာဝအတိုင်း သန်စွမ်းစေပါတယ်။

ကြက်ဥ တစ်လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေပေးပါ။ ပြီးရင် ဆံပင်အရင်းကနေ အဖျားထိအပါအဝင် ဦးရေပြားကို လိမ်းပေးပါ။ အဲဒီနောက် ဆံပင်ကို Shower Cap နဲ့ နာရီဝက်လောက်ပေါင်းပေးထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းသေချာလေးလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် ၁ လတိတိလုပ်ပါ။ သိသာလာပါလိမ့်မယ်။

မှတ်ချက်- အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေထဲက မိမိနဲ့ အဆင်ပြေတဲ့နည်းလမ်းကို အသုံးပြုနိုင်ပါတယ်နော်။