မိန်းကလေးတစ်ယောက်ဖြစ်တာနဲ့အညီ ကိုယ့်ရဲ့ဆံပင်လေးကို အမြဲဂရုတစိုက်ရှိလေ့ရှိကြပါတယ်နော်။ ဒီလိုဂရုစိုက်တာလွန်သွားတဲ့အခါမှာတော့ ဆံကေသာက ကြွပ်ဆပ်ကျိုးပဲ့လာပြီး ပြင်းပြင်းထန်ထန် ဆိုးရွားလာပါတော့တယ်။

ဆံပင်လေမှုတ်စက်တွေ၊ ကောက်စက်၊ ဖြောင့်စက်တွေကို အများအပြားအသုံးပြုခြင်းတို့ကြောင့် ဆံကေသာဟာ ဘယ်လိုမှ ကြည့်မကောင်းနိုင်တော့ ပါဘူး။ ဒါပေမယ့် ဒီလိုပျက်စီးမှုတွေကြောင့် စိတ်ညစ်ခံနေစရာမလိုတော့ပါဘူး။ သဘာဝအတိုင်း ဆံပင်ကိုပေါင်းတင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေ သိနေမယ်ဆိုရင် ဘာကိုတွေးပြီးပူနေစရာလိုတော့မလဲ။

၁။ သံလွင်ဆီ

ပူပူနွေးနွေး သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းကို ဦးရေပြားပေါ်တင်လိုက်ကာ အဝိုင်းပုံစံအတိုင်းလှည့်ပြီးတော့ နှိပ်နယ်ပေးပါ။ ပြီးရင် Shower Cap ဖြင့် မိနစ် ၄၀ လောက်အုပ်ထားလိုက်ပြီးနောက် သေသေချာချာ ခေါင်းလျှော်ပေးလိုက်ပါ။ အကယ်လို့ အဆီတအားပြန်နေသေးရင်တော့ ခေါင်းလျှော်ရည်လေးနဲ့ ဆေးချနိုင်ပါတယ်။

၂။ ထောပတ်သီးနှင့် ငှက်ပျောသီး ဆံပင်ပျော့ဆေး

ဆံကေသာကို နူးညံ့ပြောင်ချောသွားစေမယ့် အိမ်လုပ် သဘာဝပေါင်းဆေးတစ်ခုဖြစ်ပါတယ်။ ထောပတ်သီးကိုအခွံခွာပြီး အသားကိုအနှစ်ဖြစ်အောင် ကြိတ်ခြေလိုက်ကာ ငှက်ပျောသီးတစ်ဝက်နဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်၍ သေချာနယ်ပေးပါ။ ရလာတဲ့အနှစ်ကို ကြက်ဥတစ်လုံးနဲ့အတူ ကြိတ်စက်ထဲထည့်ကာ နူးညံ့သွားတဲ့အထိ ကြိတ်ပေးပါ။

ဆံပင်ခြောက်နေချိန်မှာ နှံ့အောင်သေချာလူးပေးပါ။ ဒါပေမယ့် ဦးရေပြားကိုတော့ မပွတ်လိုက်ပါနဲ့။ ၁၀ မိနစ်ထားပြီးရင် ခေါင်းလျှော်ပေးနိုင်ပါတယ်။

၃။ ဒိန်ချဉ်နဲ့ ကြက်ဥ

ကြက်ဥတစ်လုံးကို နူးညံ့သွားတဲ့အထိ ခေါက်မွှေကာ အချိုဓာတ်မရှိတဲ့ ဒိန်ချဉ် စားပွဲတင်ဇွန်း ၆ ဇွန်းထည့်၍ မွှေပါ။ ရလာတဲ့အနှစ်ကို ဦးရေပြားနဲ့ ဆံပင်မှာလိမ်းပြီး နှိပ်နယ်ပေးကာ Shower Cap ဖြင့် နာရီဝက်ပေါင်းထားပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ကာ သဘာဝအတိုင်း အခြောက်ခံပါ။

Source: glaminati.com