အုန်းဆီဆိုလို့ ဆံကေသာတစ်ခုတည်းအတွက် အသုံးဝင်တာမဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလှပအတွက် အသုံးဝင်ပါတယ်။ သင့်မှာ အရည်အသွေးကောင်းတဲ့အုန်းဆီရှိရုံနဲ့ လှလို့ရနေပါပြီ။

Body Lotion အနေနဲ့ သုံးမယ်

ရေချိုးပြီးရင်ပဲဖြစ်ဖြစ် အိပ်ယာမဝင်ခင်ဘဲဖြစ်ဖြစ် အုန်းဆီကို လိမ်းပေးလိုက်ပါ။ ခန္ဓာကိုယ်အနှံ့ကိုလိမ်းပေးရမှာပါ။ မျက်နှာကိုတော့ လိမ်းပြီးမအိပ်ရဘူးနော်။ ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်မှာစိုးလို့ပါ။ မနက်မိုးလင်းရင် ရေချိုးဖို့တော့ မမေ့ပါနဲ့။

ဆံကေသာ သန်စွမ်းဖို့

သင့်ရဲ့ ဆံကေသာကို ကျန်းမာသန်စွမ်းစေဖို့ အုန်းဆီကို အသုံးပြုလို့ရပါတယ်။ အုန်းဆီကို အပူပေးပြီး ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးကာ Shower Cap နဲ့ တစ်နာရီလောက်ပေါင်းပေးထားပါ။ ညအိပ်ယာမဝင်ခင် လိမ်းလည်းရပါတယ်။ ပြီးရင် ခေါင်းသေချာလျှော်ချပါ။

မျက်နှာသန့်ဆေးအနေနဲ့ သုံးမယ်

မျက်နှာပေါ်က မိတ်ကပ်တွေ၊ Liner တွေကို သန့်စင်ပေးဖို့ အုန်းဆီကို ဝါဂွမ်းနဲ့တို့ပြီး ဖျက်ပေးလိုက်လို့ရပါတယ်။ ပြီးရင် မျက်နှာသေချာ သစ်ချပေးလိုက်ပါ။

နှုတ်ခမ်းသား စိုပြေဖို့

နှုတ်ခမ်းကွဲတာမျိုး မဖြစ်စေဖို့အတွက် ညအိပ်ယာမဝင်ခင် နှုတ်ခမ်းကို သေချာသန့်ရှင်းရေးလုပ်ပေးပြီး အုန်းဆီလိမ်းအိပ်ပေးပါ။

ခံတွင်းသန့်ဆေး

အုန်းဆီနဲ့ ရေရောလိုက်ပြီး ခံတွင်းမှာ ၃ မိနစ်လောက် ငုံကာ ပလုတ်ကျဉ်းပေးပါ။ ပြီးမှ သွားတိုက်ပေးပါ။

လက်သည်းခြေသည်းတွေ သန်မာဖို့

လက်သည်းခြေသည်းတွေကို သေချာဆေးပေးပြီး အုန်းဆီ လိမ်းပေးလိုက်ပါ။ ပြီးရင် ရေသေချာဆေးချလိုက်ပါ။ လက်သည်းမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။

ချိုင်းချွေးနံ့ပျောက်ဖို့

ရေချိုးပြီးပြီးချင် အုန်းဆီကိုလိမ်းပေးလိုက်ပါ။ အုန်းဆီမှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး ချွေးနံ့နံခြင်းကို သက်သာစေပါတယ်။