စိတ်အလိုကျအတိုင်း ဝမ်းမသွားဘဲနဲ့ အင်မတန်ချုပ်နေတာလောက် ဆိုးရွားတဲ့ဝေဒနာမရှိနိုင်ပါဘူး။ ကံမကောင်းစွာနဲ့ပဲ ဒီလိုစိတ်ရှုပ်စရာ ကောင်းလွန်းတဲ့ အခြေအနေကြီးက အရွယ်ရောက်ပြီးသားသူများနဲ့ ကလေးငယ်တွေမှာ အဖြစ်များကြပါတယ်။

ဝမ်းချုပ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အိမ်သာကိုမှန်မှန်နဲ့ လုံလုံလောက်လောက်မသွားပေးခြင်းကလည်း တခုအပါအဝင်ဖြစ်ပါတယ်။ လှုပ်ရှားမှုနည်းလွန်ရင်လည်း ဝမ်းချုပ်စေတာဖြစ်တဲ့အတွက် အကြာကြီးထိုင်နေမယ့်အစား လမ်းလျှောက်တာဖြစ်ဖြစ် ပြုလုပ်ပေးသင့်ပါတယ်။

အကယ်လို့ ကိုယ်က မကြာခဏ ဝမ်းချုပ်တယ်လို့ခံစားရပြီဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင်လုပ်ရမလဲ၊ ဘယ်လိုလုပ်ပေးရင် ဝမ်းမှန်မှန်ပြန်သွားမလဲဆိုတာ သိထားဖို့လိုအပ်သွားတာကြောင့် အခုပဲ နည်းလမ်းလေးတွေကို ဖတ်ကြည့်လိုက်ရအောင်ပါ။

၁။ ရေသန့်သောက်ပါ

Source: advancedwatersoftening.com

ဝမ်းချုပ်ရတဲ့အဓိကအကြောင်းအရင်းတစ်ခုကတော့ ရေသောက်နည်းလို့ပဲဖြစ်ပါတယ်။ ရေလုံလုံလောက်လောက် မသောက်ဘူးဆိုပါက ခန္ဓာကိုယ်က မြန်မြန်ဆန်ဆန် ရေဓာတ်ခမ်းခြောက်သွားပြီး စအိုဝကလည်း တဖြည်းဖြည်းနဲ့ သေးပြီးမာလာကာ ခြောက်ကပ်လာတာကြောင့် ဝမ်းကောင်းကောင်းမသွားနိုင်တော့တာဖြစ်ပါတယ်။

ဒါကြောင့် နေ့စဉ်နေ့တိုင်း အနည်းဆုံး ရေသန့် ၂ လီတာကို သောက်သုံးပေးရပါမယ်။

၂။ ပဲအမျိုးမျိုး

Source: Harvard Health – Harvard University

ဝမ်းချုပ်လို့ဘာစားရမလဲမသိဘူးဆိုရင် အကောင်းဆုံးရွေးချယ်ရမှာကတော့ ဖိုက်ဘာကြွယ်ဝတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ ပဲနီလေး၊ ပဲတောင့်များ၊ ကုလားပဲများက ဝမ်းချုပ်ခြင်းကို ကုသရာနဲ့ ကာကွယ်ရာမှာ အကောင်းဆုံးပါပဲ။

၃။ ပန်းဂေါ်ဖီစိမ်း

Source: Healthline

ဖိုက်ဘာကြွယ်ဝတဲ့ ပန်းဂေါ်ဖီစိမ်းတွေကို စားပေးခြင်းကလည်း အူမကြီးအလုပ်လုပ်မှုကို မှန်ကန်စေတာကြောင့် ဝမ်းမချုပ်အောင် ကူညီပေးသည့်အပြင် Sulforaphane လို့ခေါ်တဲ့ အာဟာရဓာတ်တမျိုးလည်းပါဝင်တာကြောင့် အစာခြေဖျက်မှုကို တိုးတက်စေပါတယ်။

၄။ ကီဝီသီးများ

Source: freshko.in

ခြောက်ကပ်ကပ်နိုင်တဲ့ အူမကြီးအတွက် အကူအညီဖြစ်စေတဲ့ နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ ကီဝီသီးစားပေးခြင်းပါပဲ။ အလယ်အလတ်အရွယ်အစားရှိတဲ့ ကီဝီသီးတစ်လုံးမှာ ဖိုက်ဘာ ၂.၅ ဂရမ်အပြင် အခြားသော အာဟာရဓာတ်များလည်း ပေါင်းစပ်ပါဝင်နေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်းမှ အညစ်အကြေးများကို ဝမ်းသွားခြင်းဖြင့် စွန့်ထုတ်ရန်အတွက် ကီဝီသီးကို စားသုံးပေးပါ။

၅။ သစ်တော်သီးများ

Source: thespruceeats.com

သစ်တော်သီးများတွင်လည်း ဖိုက်ဘာကြွယ်ဝစွာပါဝင်ပြီး အထူးသဖြင့် အခွံမှာအများစုပါဝင်တာကြောင့် သစ်တော်သီးစားတိုင်းမှာ ရေစင်အောင်သေချာဆေးပြီး အခွံမခွာဘဲ စားသုံးပေးပါ။

ထို့အပြင် ရေဓာတ်ပါဝင်မှုလည်းများပြားတာကြောင့် ခြောက်သွေ့နေတဲ့ အူမကြီးကို အစိုဓာတ်ဖြည့်တင်းပေးမှာဖြစ်ပါတယ်။

Featured Image Source: ra-sante.com