လေ့လာတွေ့ရှိချက်များအရ ကျောက်ကပ်မှာ ကျောက်တည်တယ်ဆိုတာဟာ လူ ၁၁ ယောက်မှာဆိုရင် ၁ ယောက်ဆီမှာ ဖြစ်ပေါ်နိုင်ခြေရှိတဲ့ သာမန်ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။

ဒီလိုနေထိုင်မကောင်းဖြစ်လာရခြင်းရဲ့ အကြောင်းအရင်းကတော့ ဆီးအတွင်းမှာ ဖော့စ်ဖောရပ်စ်၊ ယူရစ်အက်စစ်၊ Oxalic Acid နှင့် ကယ်လ်စီယမ်တို့လို့ ဓာတုပစ္စည်းများ စုဝေးလာခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် တခြားအကြောင်းအရင်းတွေလည်း ရှိနိုင်ပါသေးတယ်။

အကယ်လို့ သင်ဟာ ကျောက်ကပ်မှာ ကျောက်တည်တဲ့ ပြဿနာကို ခံစားနေရပြီဆိုရင် ကြုံတွေ့လာရမယ့် လက္ခဏာတွေကတော့ ဆီးမကြာခဏ သွားချင်လာခြင်း၊ မူးဝေလာခြင်း၊ အော့အန်ခြင်း၊ ဆီးသွားတဲ့အခါ နာကျင်ဝေဒနာခံစားရခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းတို့ပဲဖြစ်ပါတယ်။

ဒီလိုပြဿနာများအတွက် သဘာဝကပေးစွမ်းတဲ့ ဆေးတစ်လက်ကတော့ နံနံပင်ပဲဖြစ်ပါတယ်။ နံနံပင်ကို ဘယ်လိုမျိုးအသုံးပြုပြီးတော့ ကျောက်ကပ်က ကျောက်တွေကို ချွေချနိုင်မလဲဆိုတာ အခုပဲ ဆက်ပြီးဖတ်ကြည့်လိုက်ရအောင်နော်။

နံနံပင် ရေနွေးကြမ်း

Source: healthylifeandjoy.com

ရေနွေးအိုးတစ်လုံးထဲမှာ ရေတစ်ခွက်ထည့်ပြီးတော့ တည်လိုက်ပါ။ ရေနွေးတည်နေချိန်မှာ နံနံပင်တွေကို ရေဆေးပြီးတော့ နုပ်နုပ်စဉ်းလိုက်ပါ။ ပြီးရင် ဖန်ခွက်တစ်ခုထဲထည့်လိုက်ပါ။ အပေါ်ကနေပြီး အစောနက တည်ထားတဲ့ ရေနွေးတွေလောင်းထည့်ပေးလိုက်ပါ။ ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်လောက် နှပ်ပေးထားကာ အဖတ်တွေစစ်ထုတ်ပြီးရင် သောက်ပေးနိုင်ပါပြီ။

တစ်နေ့လျှင် တစ်ခွက်မှ နှစ်ခွက်အထိ သောက်သုံးပေးနိုင်ပါတယ်။

နံနံပင်ရေ

Source: www.leaf.tv

နံနံပင်လက်တစ်ဆုပ်စာကို လက်ကိုင်တပ်ဒယ်အိုးတစ်လုံးထဲထည့်ပြီးတော့ နံနံပင်တွေဖုံးရုံမျှ ရေနည်းနည်းထည့်ကာ ၃ မိနစ်မှ ၄ မိနစ်အထိ တည်ပေးပါ။ ပြီးရင် မီးဖိုပေါ်မှ ချလိုက်ပြီး သံပုရာရည် နည်းနည်းလောက် ညှစ်ထည့်ပေးလိုက်ပါ။ အေးသွားပြီဆိုပါက အဖတ်တွေဆယ်ထုတ်ကာ သောက်လို့ရပါပြီ။

တစ်နေ့လျှင် ၃ ကြိမ်မှ ၄ ကြိမ်အထိ သောက်ပေးပါ။

နံနံပင်ဖျော်ရည်

Source: lajm-shqip.com

  • နံနံပင် – လက်တစ်ဆုပ်စာ
  • မုန်လာဥနီ – ၂ လုံးမှ ၃ လုံး
  • တရုတ်နံနံအရိုး – ၆ တောင့်
  • သကြားမုန်လာ – ၁ လုံး
  • သခွားသီး – ၁ လုံး
  • ပန်းသီးရှာလကာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပုယိုရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းမှ ၃ ဇွန်း

ပြင်ဆင်ပြုလုပ်နည်း

ဦးစွာ နံနံပင်ကို ရေနွေးနွေးထဲမှာ ၁၅ မိနစ်မှ မိနစ် ၂၀ လောက် စိမ်ပေးထားပါ။ ထိုအချိန်မှာ မုန်လာဥနီ၊ တရုတ်နံနံ၊ သခွားသီး၊ သကြားမုန်လာတို့ကို အတုံးသေးသေးလေးတွေအဖြစ် လှီးပေးပါ။ စိမ်ပြီးသား နံနံပင်တွေအပြင် ပန်းသီးရှာလကာရည်အပါအဝင် တုံးထားတဲ့ အသီးတွေကိုပါ ဖျော်စက်ထဲထည့်လိုက်ပါ။ အားလုံးကြေသွားတဲ့အထိ ကြိတ်ခြေပေးပြီး ဖန်ခွက်ထဲပြောင်းထည့်လိုက်ပါ။

ရေခဲတုံးလေးတွေနဲ့ သံပုယိုရည်တို့ထည့်မွှေပြီး ချက်ချင်းသောက်ပေးပါ။ တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ် အထိ သောက်သုံးပေးပါ။