ဆေးပညာအရ ဖြစ်နိုင်တဲ့ အခြေအနေတွေ ဆယ့်လေး-ငါးခုရှိပါတယ်။ အကုန်ရေးပြနေရင် ဖြဲခြောက်သလိုဖြစ်မှာ စိုးတယ်။ သူများထက် အပူမခံနိုင် ဖြစ်နေတာကတော့ ကိုယ်ဝန်ဆောင်တာနဲ့ သွေးဆုံးသူများမှာ အဲလိုလာ ဖြစ်တတ်တယ်။ ဒီလို အခြေအနေတွေက သိသာပါတယ်။ မဟုတ်ရင် လည်ပင်းကြီးသဘောနဲ့ ဆိုင်နိုင်တယ်။ စစ်ဆေးဖို့လိုတာကတော့ လည်ပင်းအကျိတ်ရောဂါတွေ ဖြစ်ပါတယ်။

သိုင်းရွိုက်ရောဂါတွေထဲမှာ Goitre လည်ပင်းကြီးလို့ လူတွေက အလွယ်ခေါ်နေကြတဲ့ အရွယ်အစားကြီးနေတာ တခုတည်းတော့ မဟုတ်ပါဘူး။ သိုင်းရွိုက်ဟော်မုန်းတွေ များနေတာ၊ နည်းတာလည်း ပါတယ်။ ကင်ဆာ နဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေလဲ ပါတာပေါ့။ အခုပြောနေတာက မေးတဲ့လူမှာ ဖြစ်နိုင်တာကို ဆိုလိုတာ မဟုတ်ဘူးနော်။ လည်ပင်းကြီး ဆိုတာကို ရှင်းနေတာပါ။

Source: zentura-eu.com

အပူ-အအေးနဲ့ ဆိုင်တာထဲမှာ Grave’s disease (Hyperthyroidism) နဲ့ Hashimoto’s thyroiditis (Hypothyroidism) ဆိုတာ ၂ မျိုး ရှိတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်ကြတယ်။ Autoimmune thyroid diseases ခုခံအားစနစ်ကြောင့် သိုင်းရွိုက်အလုပ်တွေ ကမောက်ကမ ဖြစ်တာပါ။ HIV နဲ့တော့ နည်းနည်းလေးမှ မဆိုင်ပါ။

ဟာရှိမိုတိုရောဂါက အသက် ၃ဝ-၅ဝ အမျိုးသမီးတွေမှာ အဖြစ်ဆုံးဖြစ်ပြီး မျိုးရိုးလိုက်နိုင်သေးပါတယ်။ ဒီထက် အသက်ကြီးသူတွေမှာ သွေးတိုးလဲရှိ၊ သွေးကြောမာရောဂါလဲရှိရင် ဂရေ့ဖ်ရောဂါဖြစ်နိုင်တယ်။ သိုင်းရွိုက်ဟော်မုန်း နည်းရင် အားယုတ်၊ စိတ်ကျ၊ ဘာလုပ်လုပ် နှေးကွေးသူမျိုး ဖြစ်စေတယ်။ ဟာရှိမိုတိုကတော့ ပြောင်းပြန်။ ဘာလုပ်လုပ် တက်ကြွသလား မမေးနဲ့။ နောက်ပြီး စိုးရိမ်တတ်တယ်။ နှလုံးခုန် မြန်နေမယ်။ စိတ်တိုမယ်။ ပိန်လာမယ်။ သွေးဖိအား တက်နိုင်တယ်။ ကြာရင် မျက်လုံးပြူးလာမယ်။ အပူမခံနိုင်ဘူး။ အတူအိပ်သူ ခင်ပွန်းကအရင် သတိထားမိတတ်တယ်။ ပြတင်းပေါက်၊ ပန်ကာ၊ လေအေးစက်ကို ရောဂါရှိသူကသာ ဖွင့်ချင်နေလို့ပါ။

Source: thebestclosings.com

သေချာအောင် Thyroid Function Test (Thyroid assay) သွေးစစ်ရမှာဖြစ်တယ်။ Thyroid stimulating hormone (TSH) များပြီး၊ Thyroxine ဟော်မုန်းနည်းနေရင် ဟာရှိမိုတိုဖြစ်တယ်။ ပြောင်းပြန်ဖြစ်ရင်တော့ ဂရေ့ဖ်ရောဂါဖြစ်ပါတယ်။

ဒီရောဂါဖြစ်ရင်လည်း ကုလို့ရပါတယ်။ မိတ်ဆွေတဦးရဲ့ဇနီး မျက်လုံးကို မြင်တာနဲ့ သံသယဝင်တာကြောင့် မေးကြည့်ဖြစ်တယ်။ စိတ်တို၊ အိုက်တတ်၊ အလုပ်လုပ်ရင် ဟောဟောဒိုင်းဒိုင်း၊ လက်ကောက်ဝတ် သွေးခုန်တာ မြန်နေတာကိုတွေ့ရပါတယ်။ သွေးစစ်တော့ တွေ့ရော၊ ဆေးကုတာ ရိုးရိုးဆေးနဲ့ မရတာမို့ အနုမြူဆေးနဲ့ ကုရတယ်။ ကြားထဲမှာ ကိုယ်ဝန် ကံမကောင်းတာပါ ဖြစ်လိုက်ရရှာသေးတယ်။ အခု လုံးလုံးပြန်ကောင်းသွားပြီ။ အဲဒါကြောင့် ဒီအပူလုံးဝမခံနိုင်တာကြောင့်ဖြစ်လာနိုင်တဲ့ရောဂါတွေဖြစ်ရင်လည်း စိတ်မပူပါနဲ့ မှန်ကန်တဲ့ဆေးကုသမှုကိုခံလိုက်ရင် လုံးဝပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။

Credit: ဒေါက်တာတင့်ဆွေ

Featured Image Source: talk-business.co.uk