လူကောင်းပကတိကနေ ရုတ်တရက်မူးပြီး သတိမေ့တာဟာ Shock ပါဘဲ။ (ရှော့ခ်) တွေက အမျိုးအစားများတယ်။ နှလုံးနဲ့ သွေးကြောတွေက လိုသလောက် အလုပ်မလုပ်နိုင်တာကနေ ဖြစ်တယ်။ လူ့ကိုယ်က အရေးပါတဲ့အင်္ဂါတွေတွက် မရှိမဖြစ်တဲ့ အောက်စီဂျင် မလုံလောက်လို့ ဖြစ်လာစေတယ်။ အသက်ဆုံးပါးတဲ့အထိ ဖြစ်နိုင်တယ်။

(၁) စိုးရိမ်စိတ်တွေဖြစ်လာ၊ ဂနာမငြိမ်ဖြစ်လာ၊ မူးလဲမယ်။

(၂) ပျို့ချင်-အန်ချင်လာမယ်။

(၃) ရေငတ်လာမယ်။

(၄) မျက်စိကဝေဝါး၊ သူငယ်အိမ် ကျယ်လာမယ်။

(၅) အသက်ရှူတာ တိမ်-မြန်-မမှန်ဖြစ်မယ်၊

(၆) အရေပြား အေးလာ၊ ဖြူရော်လာ၊ စိုထိုင်းလာမယ်၊

(၇) လက်ကောက်ဝတ် သွေးခုန်တာ မြန်မယ်၊ စမ်းမရဖြစ်မယ်။

Hypovolemic Shock သွေးထုထည် နည်းလို့ဖြစ်တဲ့ (ရှော့ခ်)၊ ထိခိုက်ဒဏ်ရာရလို့ အတွင်းထဲဖြစ်ဖြစ် အပြင်ကို ဖြစ်ဖြစ် သွေးယိုထွက်တာ၊ မီးလောင်လို့ အရည်တွေ ခမ်းခြောက်တာ၊ အန်လို့-ဝမ်းလျှောလို့ ရေနဲ့ ဓါတ်ဆားတွေ နည်းတာကြောင့် ဖြစ်တယ်။

Neurogenic Shock အာရုံကြောကြောင့်ဖြစ်တဲ့ (ရှော့ခ်)၊ သွေးကြောတွေ ပုံမှန်မဟုတ် ဖေါင်းလာလို့ သွေးတွေ လိုရာမရောက် ဖြစ်လာမယ်။ (အော်တိုနောမစ်) အာရုံကြောစနစ်ကို သက်ရောက်လို့ ဖြစ်တယ်။ သွေးဖိအား ကျမယ်၊ တခါတလေ နှလုံးခုန် နှေးတတ်တယ်။ ဦးနှောက်ကို သွေးပြန်ရောက်ရင် ပြန်ကောင်းမယ်။ ဦးနှောက် ထိခိုက်တာ၊ ခါးဆစ်ရိုးထဲက အာရုံကြောစနစ် ထိခိုက်တာတွေ ကြောင့်လဲ ဖြစ်တယ်။ အတွင်း အင်္ဂါတွေကို ထိခိုက်လာမယ်။

Psychogenic Shock စိတ်ကြောင့် ဖြစ်တဲ့ (ရှော့ခ်)၊ ကြောက်စိတ်များ၊ အပျော်လွန်၊ ဒေါသကြီး၊ ပူပန်မှုလွန်ကဲရာကနေ ဖြစ်တယ်။ သွေးကြောတွေ ကျယ်လာတယ်။ ဦးနှောက်ကို သွေးအရောက်နည်းတယ်။ သွေးဖိအားကျမယ်၊ အရေပြား အေးစက်နေမယ်။ ချွေးပြန်မယ်။ နှလုံးခုန်မြန်မယ်။ သတိတဝက်တပျက်မရတာနဲ့ လုံးဝသတိမရတာဖြစ်မယ်။

Anaphylactic Shock (အနာဖလက်တစ်-ရှော့ခ်)၊ မတည့်တာနဲ့ ထိတွေ့ရာကနေဖြစ်တယ်။ ယားယံလာမယ်၊ အနီပိန့်တွေထွက်မယ်၊ အသက်ရှူခက်လာမယ်၊ ဆီးသွားချင်-ဝမ်းသွားချင်ဖြစ်လာမယ်။ ပူလောင်လာသလို ခံစားရမယ်၊ အသံပျောက်မယ်။ ဆေး၊ အဆိပ်၊ အင်းဆက်၊ အမှုံအမွှား၊ အစားအသောက်၊ စတာတွေကနေ ဖြစ်စေတယ်။

Shock ဖြစ်ပြီဆိုရင် ဘာလုပ်မလဲ –

ရုတ်တရက် ချက်ချင်းဖြစ်တာမို့ ရှေးဦးသူနာပြု လုပ်ဘို့ အလွန့်အလွန် အရေးကြီးပါတယ်။ အသက်ကို ကယ်နိုင်တယ်။ ဆရာဝန်တွေ၊ ဆေးရုံတွေဆီ ရောက်မှဆိုရင် နောက်ကျတတ်တယ်။ ပြုစုမဲ့သူက တည်ငြိမ်ရမယ်။ တတ်ထားရမယ်။

(၁) အသက်ရှူလမ်း စစ်ရ၊ ပြင်ရမယ်။ ပိတ်ဆို့နေတာ မရှိစေနဲ့။ လည်ပင်းဆန့်၊ မေးကိုပင့်ပါ။

(၂) သွေးယိုတဲ့နေရာကို သွေးမထွက်အောင်လုပ်ပါ။ ဖိထားပေးပါ။ မြှင့်ထားပေးပါ။ ပတ္တီး-ကြိုးနဲ့ စည်းထားပေးပါ။ Artery forceps သွေးကြောညှပ် ရှိရင်-လိုရင် သုံးပါ။

(၃) ခြေထောက်ပိုင်းကို ခေါင်းအထက်မှာ မြှင့်ထားပါ။ အန်နေရင် ခေါင်းတဖက် စောင်းထားပါ။ ခေါင်း-လည်ပင်း ကျိုးရင်-ကျိုးတယ် ထင်ရင် ပက်လက်အနေအထားမှာသာ ထားပါ။

(၄) အရိုးကျိုးရင် အမာတခုခုနဲ့ ကြပ်စည်းပါ။ ဆွဲမဆန့်ပါနဲ့။

(၅) သက်တောင့်သက်သာ နေပါစေ။ အေးနေရင် စောင်စတာနဲ့ နွေးအောင် ခြုံပေးပါ။ စို-အေး နေတာတွေ ဖယ်ရှားပါ။ သဘာဝမဟုတ်တဲ့ အနွေးပေးတာမျိုး မသုံးပါနဲ့။

(၆) လူနာကို စိတ်ငြိမ်အောင် အားပေးနှစ်သိမ့်ပါ။ သူ့အနာဒဏ်ရာကို မမြင်စေပါနဲ့။

(၇) အန်နေလျှင်၊ အဆိပ်စတာ မသေခြာလျှင် ပါးစပ်က ဘာမှမတိုက်ပါနဲ့။

(၈) လေသန့်ရပါစေ။ ခေါင်းကိုအောက်ချလိုက်ပါ။ အာခေါင်ခြောက်-ရေဆာရင် နှုတ်ခမ်းကိုသာ ရေဆွတ်ပေးပါ။ ဦးနှောက်ထဲသွေးရောက်တာနဲ့ ပြန်ကောင်းမယ်။ အားနည်းနေလိမ့်မယ်။

(၉) ဆေးပညာတတ်ကျွမ်းသူ အကူအညီခေါ်ပါ။