ကိုယ်လက်လှုပ်ရှားမှုက သာမာန်ကင်ဆာအမျိုးအစားများစွာဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်ဆိုတာ သင် သိကောင်းသိနိုင်မှာပါ။ ဒါပေမယ့် ကင်ဆာရောဂါ ခံစားနေရသူတွေ အတွက်တော့ ကာယလှုပ်ရှားမှုက ဘယ်လောက်အရေးကြီးတယ်ဆိုတာတော့ တော်တော်များများက မသိကြပါဘူး။

အရင်ကတော့ ကင်ဆာကုသမှုခံယူနေတဲ့ကာလတွေမှာ လူနာတွေကို အနားယူဖို့ပြောလေ့ရှိပေမယ့် အခုအချိန်မှာတော့ ကိုယ်လက်လှုပ်ရှားမှုက ကင်ဆာကုသမှုနဲ့ အခြား အရာတွေမှာ ဘေးကင်းပြီး အကျိုးရှိတာကို သက်သေအထောက်အထားများစွာ တွေ့ရှိခဲ့ကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ကင်ဆာအပါအဝင် နာတာရှည်ရောဂါ ရှိသူတွေအတွက် ကိုယ်လက်လှုပ်ရှားမှုတွေကိုလည်း ထောက်ခံပါတယ်။

ဒါကြောင့် ကင်ဆာကုသနေစဉ်နဲ့ ကုသပြီးတဲ့အချိန်တွေမှာ  ကိုယ်လက်လှုပ်ရှားမှုက လူနာတွေအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

စိတ်ကျန်းမာရေး

ကင်ဆာရောဂါရှိတာကို သိလိုက်ရတဲ့အချိန်တွေမှာ  လူနာတွေက စိတ်လှုပ်ရှားကြပြီး ​​စိုးရိမ်ပူပန်မှု၊  စိတ်ဓာတ်ကျခြင်းတို့နဲ့အတူ ကြောက်ရွံ့မှုကို ခံစားကြရပါတယ်။ ဒါပေမယ့် ကိုယ်လက်လှုပ်ရှားမှုက ကင်ဆာကုသနေစဉ်နဲ့ ကုသပြီးတဲ့အချိန်တွေမှာ လူနာတွေရဲ့ စိတ်ဓာတ်ကို ပိုမိုကောင်းမွန်စေပြီး စိတ်ကျန်းမာရေးကို မြှင့်တင်ဖို့ ကူညီပေးပါတယ်။

ပင်ပန်းနွမ်းနယ်မှု

ပင်ပန်းနွမ်းနယ်မှုကို ကင်ဆာကုသနေတဲ့လူတိုင်း ဘေးထွက်ဆိုးကျိုးတစ်ခုအနေနဲ့ ခံစားရတတ်ကြပြီး  ကင်ဆာလူနာတွေရဲ့ နေ့စဉ်ဘဝနဲ့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာတို့ကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါတယ်။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးတာက  ပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်ခံစားချက်တွေကို လျော့ပါးစေနိုင်ပါတယ်။

ခံနိုင်ရည်ရှိမှု

လေ့လာမှုတွေအရပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တဲ့လူနာများက  ဓာတုကုထုံးပမာဏကို ခံနိုင်ရည်ရှိပြီး ပိုမိုကောင်းမွန်တဲ့ အလားအလာရှိကြောင်း တွေ့ရှိရပါတယ်။

ဆေးရုံတက်ရခြင်း

ခွဲစိတ်ကုသခြင်းနဲ့ ဓာတုကုထုံးများအပါအဝင် ကင်ဆာအတွက် ကုသမှုတွေက အချို့သောလူတွေကို နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်စေနိုင်ပြီး ဆေးရုံတက်ဖိုလည်း လိုအပ်ပါတယ်။ ဒါပေမယ့် ရင်သားကင်ဆာဝေဒနာရှင်တွေအတွက် ကိုယ်လက်လှုပ်ရှားမှုက ဆေးရုံတက်နိုင်ခြေကို လျော့ကျစေနိုင်တယ်။

ကင်ဆာပြန်ဖြစ်နိုင်ချေကို လျှော့ချနိုင်ခြင်း

ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးတာက ကင်ဆာပြန်ဖြစ်နိုင်ခြေကို လျော့ကျစေပြီး အသက်ရှင်သန်မှု 40% မှ 50% အထိ တိုးတက်ကောင်းမွန်စေပါတယ်။