ဗီတာမင် D က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။ ဗီတာမင် D က ဆဲလ်တွေကြီးထွားဖို့နဲ့  မျိုးဗီဇဖော်ပြမှုကို ထိန်းညှိပေးပြီး ကိုယ်ခံစွမ်းအား၊ မွေးဖွားမှု၊ ကြွက်သားခွန်အား၊ ဟော်မုန်းဟန်ချက်ညီမှု၊ လိင်ကျန်းမာရေး၊ စွမ်းအင်၊ စိတ်ခံစားချက် စတဲ့ ဘက်စုံကျန်းမာရေးနှင့် သုခအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။

ဗီတာမင် D ချို့တဲ့ခြင်းက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် မဖြစ်မနေ ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် ဗီတာမင် D ချို့တဲ့တဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြတတ်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း

ဗီတာမင် D ချို့တဲ့ရင်  အဖြစ်များဆုံး လက္ခဏာတစ်ခုက နာတာရှည်၊ပင်ပန်းနွမ်းနယ်မှု ခံစားရတာပါ။ အဲ့ဒါအပြင် အိပ်ရေးမဝတာကလည်း ဗီတာမင် D ချို့တဲ့တာရဲ့ နောက်ထပ် လက္ခဏာတစ်ခုပါ။

အရိုးနှင့် ကြွက်သားများ နာကျင်ခြင်း

ဗီတာမင် D က  ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သောကြောင့် ကယ်လ်စီယမ် စုပ်ယူမှု မရှိတဲ့အခါ အရိုးနဲ့ အဆစ်တွေ နာကျင်ကိုက်ခဲပြီး ထိလွယ်ရှလွယ် နာကျင်လွယ် တတ်လာပါတယ်။

မကြာခဏဖျားခြင်း

ဗီတာမင် D ချို့တဲ့တာက ကိုယ်ခံအားစနစ် အားနည်းတာနဲ့ ဆက်စပ်နေတာမလို့ မကြာခဏ နေမကောင်းဖြစ်ပြီး အကြောင်းရင်းကို မသိရင် သေချာစစ်ဆေးသင့်ပါတယ်။

စိတ်ဓာတ်ကျခြင်း

ဗီတာမင် D က စိတ်ခံစားချက်ကို ဟန်ချက်ညီစေပြီး စိတ်ကျရောဂါဖြစ်နိုင်ခြေကို လျှော့ချတဲ့နေရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်တာကြောင့် စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းမှု၊ စိုးရိမ်ပူပန်မှု၊ မေ့လျော့မှု တွေဖြစ်လာရင် ဒါဟာလည်း  ဗီတာမင် D ချို့တဲ့တာရဲ့ လက္ခဏာတစ်ရပ်ပါပဲ။