ကိုယ်ဝန်ရှိလား မရှိလား ဝေခွဲရခက်နေရင် ကိုယ်ဝန်ရှိမရှိ စစ်ဆေးတာက အတိကျဆုံးနည်းလမ်းပါ။ ဒါပေမယ့် ရာသီမလာခင်မှာ ဖြစ်တတ်တဲ့ တချို့လက္ခဏာတွေက ကိုယ်ဝန်ရဲ့ ပထမဆုံးလက္ခဏာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိမရှိ စစ်ဆေးဖို့စောင့်ဆိုင်းနေတဲ့ကာလတွေမှာ အထောက်အကူဖြစ်စေတဲ့ ကိုယ်ဝန်ရဲ့အစောပိုင်းလက္ခဏာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1. ကြွက်တက်ခြင်း

ကိုယ်ဝန်ရှိနေရင် ရာသီကြွက်တက်ခြင်းလို့ခေါ်တဲ့ ဝမ်းဗိုက်အောက်ပိုင်းနာကျင်တာကို ခံစားရနိုင်ပါတယ်။ ကြွက်တက်တာက ရာသီမပေါ်ခင် ဖြစ်တတ်တဲ့ လက္ခဏာနဲ့တော့ နည်းနည်းဆင်တူပါတယ်။

ခန္ဓာကိုယ် အပူချိန် မြင့်မားခြင်း

မျိုးဥမထွက်ခင်မှာ ခန္ဓာကိုယ်အပူချိန် တိုးလာပြီး ရာသီစက်ဝန်းပြီးသွားပြီဆိုရ်တော့ ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ ခန္ဓာကိုယ်အပူချိန်ဟာ တလျှောက်လုံး မြင့်တက်နေတတ်ပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ပရိုဂျက်စတီရုန်း ပမာဏ မြင့်မားတာကြောင့်
Basal Body အပူချိန် တက်လာစေတာပါ။

နာကျင်ခြင်း

ရာသီမလာခင်မှာ ရင်သားတွေ အထိမခံနိုင်အောင် နာတာမျိုးတွေက ဖြစ်တတ်ပေမယ့် ရင်သားတွေ နာကျင်တာ ၊ ညိုလာတာ ၊ လေးလာတယ်လို့ခံစားရတာတွေကတော့ သိသာထင်ရှားတဲ့ကိုယ်ဝန်လက္ခဏာများပါ။ နို့သီးခေါင်းမျာ ညိုမဲလာပြီး ယားယံခြင်း၊ တင်းတင်းရင်းရင်း သို့မဟုတ် နီမြန်းခြင်းတို့ကို ခံစားလာပါတယ်။

ပျို့ခြင်း

morning sick လို့ခေါ်တဲ့ မနက်ခင်းမှာ ပျို့ခြင်း အော့အန်ခြင်းက ကိုယ်ဝန်ဆောင်သူတွေ အဖြစ်များတဲ့ ထင်ရှားတဲ့လက္ခဏာတစ်ခုပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီး 80% ခန့်က ရာသီမပေါ်မီ ကိုယ်ဝန်မဆောင်မီ ကိုယ်ဝန်အစောပိုင်း ရက်သတ္တပတ်တွေမှာ ပျို့အန်ခြင်းဝေဒနာကို ခံစားနေကြရပါတယ်။

အာရုံခံစားနိုင်မှု

ကိုယ်ဝန်ဆောင်ဟော်မုန်းများက အစားစားချင်စိတ်ကို ဖြစ်စေနိုင်သလို တချို့အနံ့တွေကို မခံနိုင်တာမျိုးတွေလည်း ဖြစ်စေပါတယ်။ ဒီလိုဖြစ်တာက တချို့မှာတော့ ကိုယ်ဝန်အစပိုင်းလောက်မှာဖြစ်တတ်ပေမယ့် တချို့ကိုယ်ဝန်ဆောင်တွေမှာတော့ ကိုယ်ဝန်တစ်ခုလုံးအထိ ကြာမြင့်တတ်ပါတယ်။

ဆီးခနခနသွားခြင်း

ကျောက်ကပ်က သွေးစစ်ဖို့ အချိန်ပိုအလုပ်လုပ်တာကြောင့် မကြာခဏ ဆီးသွားချင်စိတ်ကို ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအားလုံးနီးပါးဟာ ကိုယ်ဝန်ဆောင်ခြင်းရဲ့ အစောဆုံးလက္ခဏာများထဲမှ တစ်ခုဖြစ်တဲ့ ဒီလက္ခဏာကို တွေ့ကြုံခံစားကြရပါတယ်။

ဝမ်းချုပ်ခြင်း

ရာသီမလာဘဲ တစ်ပတ်ကျော်ကြာ ဝမ်းချုပ်နေတယ်လို့ ခံစားရရင် ကိုယ်ဝန်စစ်ဆေးမှုခံယူဖို့ စဉ်းစားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဟော်မုန်းများထွက်ခြင်းကြောင့် အူလှုပ်ရှားမှုများ တောင့်တင်းလာပြီး အစာခြေစနစ်ကို လျှော့ချပေးတာကြောင့်ပါ။