ခံတွင်းနံ့ဆိုးရွားသလိုပဲ အရက်နံ့ကလည်း လူများအလွန်မုန်းတီးတဲ့ အနံ့ဆိုးတစ်ခုပါပဲ။ သောက်သုံးလိုက်တဲ့ အရက်တွေကို ခန္ဓာကိုယ်က အဆိပ်အတောက်အနေနဲ့ တုံ့ပြန်ပြီး စုပ်ယူဖို့ ငြင်းဆန်ပါတယ်။ ဒါကြောင့် သွေးစီးဆင်းရာလမ်းကြောင်းမှာပဲ ကျန်ရှိနေလို့ အဆုတ်မှတဆင့် ခံတွင်းနံ့ဆိုးရွားတာတွေ၊ ချွေးထွက်တာတွေ ဖြစ်လာရခြင်းပါ။

ဒီလိုဆိုးရွားတဲ့ အရက်နံ့ကို မြန်မြန်ပျောက်အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ရှာတွေ့ထားလို့ ဘေးပတ်ဝန်းကျင်စိတ်အနှောင့်အယှက်မဖြစ်ရအောင် အခုပဲပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

၁။ ပလုတ်ကျင်းပါ

ပါးစပ်အတွင်းက အရက်နံ့ကိုဖယ်ရှားပေးနိုင်ပေမယ့်လည်း အစာအိမ်၊ လည်ချောင်းနှင့် အသားအရေမှ အရက်နံ့ကိုတော့ မဖယ်ရှားပေးနိုင်ပါဘူး။

ရနံ့ပြင်းတဲ့သွားတိုက်ဆေးကို အသုံးပြုပြီး အနည်းဆုံး ၂ မိနစ်လောက်သွားတိုက်ပေး၍ ပလုတ်ကျင်းလိုက်ပါ။ အနံ့အရှင်းပျောက်ဖို့ လျှာကိုလည်း သန့်ရှင်းပေးပါ။ ထို့နောက် ပလုတ်ကျင်းဆေးနဲ့ ပလုတ်ကျင်းပေးပါ။

၂။ ပီကေဝါးပါ

ပီကေဝါးပေးခြင်းက ခံတွင်းမှ ဆိုးရွားတဲ့အနံ့မှန်သမျှကို ဖယ်ရှားပစ်နိုင်ပါတယ်။ အချိုဓာတ်မရှိသည့် ချဉ်သောအရသာနှင့် ပီကေကိုရွေးပြီးဝါးပါ။ အချဉ်ဓာတ်က သွားရည်ထုတ်လုပ်မှုကို မြှင့်တင်ပေးလို့ အရက်နံ့ကိုဖယ်ရှားပေးပါတယ်။

၃။ ကြက်သွန်ဖြူ

အနံ့ပြင်းတဲ့ ဟင်းချက်အမယ်ဖြစ်သည့် ကြက်သွန်ဖြူကလည်း အရက်နံ့သာမက အခြားဆိုးရွားတဲ့ အနံ့မှန်သမျှကို ကူညီဖျောက်ဖျက်ပစ်နိုင်ပါတယ်။ အရက်သောက်နေစဉ်မှာ ကြက်သွန်ဖြူအရသာရှိတဲ့ မုန့်တစ်ခုခုကို အမြည်းအနေနဲ့ စားသုံးပေးပါ။

သို့သော်လည်း ကြက်သွန်ဖြူရနံ့က အချိန်ကြာကြာစွဲနေနိုင်လို့ အရေးကြီးတဲ့တွေ့ဆုံမှု၊ ချိန်းဆိုမှုတွေရှိရင်တော့ ဒီနည်းလမ်းကိုမသုံးဖို့ အကြံပေးချင်ပါတယ်။

၄။ ကြက်သွန်နီ

ကြက်သွန်ဖြူများလိုပဲ ကြက်သွန်နီတွေကလည်း ရနံ့ပြင်းလို့ စားသုံးပေးနိုင်ပါတယ်။ အရက်သောက်နေစဉ်မှာ ကြက်သွန်နီပါတဲ့ အသုပ်တစ်ခုခုဖြစ်ဖြစ်၊ ကြက်သွန်နီကွင်းကြော်ဖြစ်ဖြစ် အမြည်းအနေနဲ့စားသုံးပေးပါ။

၅။ ကော်ဖီ

မွှေးရနံ့သင်းတဲ့ ဖျော်ရည်တစ်ခုဖြစ်တဲ့ ကော်ဖီကလည်းပဲ အရက်နံ့ကို ဖုံးလွှမ်းပစ်နိုင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့လို အနံ့မဆိုးသည့်အတွက် စိုးရိမ်စရာမလိုပါဘူး။ ဒါ့အပြင် ကော်ဖီပြင်းပြင်းလေးတစ်ခွက်သောက်လိုက်ခြင်းက အရက်နာကျတာကို သက်သာစေပြီး ပို၍ပင်နိုးကြားမှုရှိစေမှာပါ။