စာဖတ်သူတို့ထဲမှာ ဖေဖေ မေမေတို့လည်းပါကြမယ်ထင်ပါတယ်နော်။ တစ်နေ့တာလုံး ကိုယ့်ရဲ့ကလေးကို ဘယ်လိုစကားတွေအပြောများဆုံးဖြစ်နေလဲ။ သမီးဖိနပ်ဘယ်မှာလဲ။ ကားထဲဝင်။ သွားတိုက်ဦး။

သွားတိုက်ပြီးပြီးလား၊ ဟေ့ သွားရောတကယ်တိုက်ပြီးပြီလား ဆိုတဲ့စကားကတော့ မနက်ခင်းမှာ အပြောများဆုံးစကားတွေဖြစ်မယ်ထင်ပါတယ်။ ယနေ့ လူငယ် နောင်ဝယ်လူကြီးဆိုတဲ့အတိုင်းမှာ ကလေးတွေဟာ နောင်တစ်ချိန်မှာ နိုင်ငံအကျိုး လူမျိုးအကျိုး သယ်ပိုးဆောင်ရွက်နိုင်မယ့် အဖိုးတန်ရတနာလေးတွေဖြစ်လာကြမှာပါ။ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာအတွက်ရော ရုပ်ပိုင်းဆိုင်ရာအတွက် မိဘတွေဟာ သိပ်ကိုအရေးပါလှပါတယ်။ သူတို့လေးတွေအတွက် မိဘတွေအနေနဲ့ ပြောသင့်တဲ့ စကားလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ဘယ်လိုလဲ ၊နေကောင်းလား၊ အဆင်ပြေလား။

မနက်ခင်းမှာ ဘယ်လိုလဲ နေကောင်းလား သမီး၊ သားစသဖြင့် ပြောပေးသင့်ပါတယ်။ ကိုယ့်ရဲ့ ကလေးတွေအနေနဲ့ တစ်ခုခုကို သိချင်တဲ့စိတ်တွေ တွေးတတ်တဲ့စိတ်တွေဖြစ်လာအောင် သမီးကော ဘယ်လိုခံစားရလဲ ဘယ်လိုမြင်လဲ စသဖြင့်မေးပေးပါ။ ဒါမှ ကလေးတွေအနေနဲ့ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ခေါင်းအေးအေးနဲ့ စဉ်းစားတတ်လာအောင် တွေးခေါ်ခိုင်းပါ။

၂။ အရမ်းသိတတ်တာပဲ။

ကိုယ်ပြောစရာမလိုဘဲ သားသားမီးမီးတွေက တစ်ခုခုလုပ်ပေးတဲ့အခါ လိမ္မာလိုက်တာ သိတတ်လိုက်တာ ဆိုပြီးပြောပေးပါ။ မိဘတွေအနေနဲ့ ကလေးတွေရဲ့ အသိစိတ်တွေ ဗဟုသုတတွေကို မြင့်တင်ပေးဖို့အတွက် အခုလို အပြုသဘောဆောင်တဲ့စကားတွေ ပြောပေးသင့်ပါတယ်။

၃။ သမီးရေ ဒါလေးလုပ်ပေးပါဦးနော်။ ကျေးဇူးတင်ပါတယ်။

ဟုတ်ပါတယ်။ မိဘတွေအနေနဲ့လည်း ကိုယ့်ကလေးက ကိုယ်ခိုင်းတာ တစ်ခုခု လုပ်ပေးတဲ့အခါ ယဉ်ယဉ်ကျေးကျေးပြောပေးသင့်သလို ကျေးဇူးတင်စကားလည်း ပြောပေးသင့်ပါတယ်။

၄။ မေမေစိတ်မကောင်းပါဘူးကွယ်။

သင်ကလေးတွေကို စိတ်ဆိုးဒေါသဖြစ်လို့ ဆူမိငေါက်မိတဲ့အခါ ကလေးတွေအနေနဲ့ စိတ်ထိခိုက်သွားနိုင်ပါတယ်။ မိဘဆိုတာလည်း ကလေးတွေကို ဆူပြီး ရိုက်ပြီးရင်လည်း စိတ်မကောင်းဖြစ်ကြရတာပဲမဟုတ်လား။ အဲဒီအခါ စောစောက မေမေစိတ်မကောင်းပါဘူးသမီးရယ်လို့ ပြောပေးပါ။ ဒါဟာ ကလေးတွေကြီးလာတဲ့အခါ အမှားကိုဝန်ခံရဲဖို့ ကိုယ့်တာဝန်ကိုယ်ယူရဲဖို့အတွက် လမ်းပြပေးရာရောက်ပါတယ်။

၅။ အရမ်းတော်တယ်။

အိုး သမီးလေးက သိပ်တော်တာပဲ။ သားလေးက သိပ်တော်တာပဲလို့ ပြောပေးပါ။ ကလေးတွေကို ချီးကျူးစကားပြောပေးတာဟာ သူတို့လေးတွေရဲ့ လုပ်ချင်ကိုင်ချင်စိတ်တွေကို မြေတောင်မြောက်ပေးရာရောက်ပါတယ်။

၆။ ကလေးတွေရဲ့ ထူးခြားတဲ့အရည်အချင်းလေးတွေကို ထုတ်ဖော်ပြောဆိုပါ။

ကလေးရဲ့ အရည်အချင်း၊ အပြုအမူ၊ စရိုက်လက္ခဏာရပ်လေးတွေကို ထုတ်ဖော်ပြောဆိုပါ။ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေး တစ်ခုခု မှားတာလုပ်မိရင် ဆူဖို့ငေါက်ဖို့ ပြောဖို့ဆို သိပ်လွယ်ကြပြီး ကလေးတွေမှန်တာလုပ်ရင်တော့ ဖာသိဖာသာပဲနေကြတာများပါတယ်။ အဲဒီအစား ကလေးတွေရဲ့ အကောင်းဖက်က အပြုအမူလေးတွေကိုလည်း ပြောပေးသင့်ပါတယ်။

၇။ သမီးနဲ့ အတူနေရတာ မေမေအရမ်းပျော်တာပဲ။

မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးတွေကို ချစ်တဲ့အကြောင်း ပြောဆိုပေးသင့်ပါတယ်။ သူတို့လေးတွေဟာ သင့်အတွက် အဖိုးဖြတ်မရတဲ့ သူတွေဖြစ်ကြောင်း ခံစားသိရှိစေဖို့အတွက် အပြုအမူအပြောအဆိုတွေမှာကအစ ဖော်ပြပေးသင့်ပါတယ်။ ဒါမှ ကလေးတွေက သူတို့ရဲ့ လူဖြစ်ရတဲ့ တန်ဖိုးတွေ၊ မိဘရဲ့ အချစ်တွေကို အပြည့်အ၀ ခံစားရရှိကြမှာပါ။

၈။ အခြေအနေ ဘယ်လိုလဲ။

ကလေးတွေက ကျောင်းတက်နေရင်လည်း ကျောင်းမှာ ဘာတွေသင်ခဲ့လဲ။ အခြေအနေဘယ်လိုရှိလဲ။ စားမေးပွဲဖြေရင်လည်း ဖြေနိုင်ရဲ့လား စသဖြင့် မေးပေးသင့်ပါတယ်။ ကလေးတွေအနေနဲ့ ကိုယ်နဲ့မရှိခင်မှာ ဖြစ်ခဲ့တဲ့အကြောင်းအရာလေးတွေကို ပြန်ပြီး ပြောချင်လာအောင် sharing လုပ်လာအောင် လမ်းဖွင့်ပေးပါ။

၉။ သမီးလေးလုပ်နိုင်မှာပါ။

၁၀ တန်းဖြေမယ့်ကလေးတွေအတွက်ပဲဖြစ်ဖြစ်၊ ကလေးတွေအနေနဲ့ ပြဿနာတစ်ခုခု ဒါမှမဟုတ် စိတ်ခေါ်မှုတစ်ခုခု ကြုံလာတဲ့အခါ ငါ့သမီးလေးလုပ်နိုင်မှာပါ။ အမေယုံကြည်ပါတယ်လို့ ပြောပေးပါ။ ဒီလိုပြောပေးတာဟာ ကလေးတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးရာရောက်ပါတယ်။ ပြီးတော့ ပြဿနာတစ်ခုကို သူတို့ကိုယ်တိုင်ဖြေရှင်းနိုင်အောင်လမ်းပြပေးပါ။ ဒါမှကလေးတွေအနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိပြီး အနာဂတ်မှာ အောင်မြင်သူတစ်ယောက်ဖြစ်လာမှာပါ။

၁၀။ ဘာမှမဖြစ်ပါဘူး။

ကလေးတွေအနေနဲ့ တစ်ခုကျရှုံးတဲ့အခါ အဆင်မပြေဖြစ်လာတဲ့အခါ ဝမ်းနည်းလာတဲ့အခါ အဆင်ပြေသွားမှာပါ။ ဘာမှမဖြစ်ဘူး။ ထပ်ကြိုးစားပါလို့ပြောပေးပါ။ ကလေးတွေအပေါ် ယုံကြည်မှုမလျှော့လိုက်ပါနဲ့။ ကလေးတွေအပေါ် ကိုယ့်ရဲ့ယုံကြည်မှုအပြည့်ပေးပြီး သူတို့လေးတွေရဲ့ ကြိုးစားချင်စိတ်ကို မြေတောင်မြှောက်ပေးပါ။