မိမိတို့ကလေးတွေ နေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေထဲမှာ သကြားဓာတ်ဘယ်လောက်တောင် ပါဝင်နေသလဲဆိုတာ သတိထားမိကြပါသလား။ သတိထားမိတဲ့ မိဘများရှိသလို သတိမထားမိတဲ့ မိဘများလည်း ရှိကောင်းရှိနိုင်ပါတယ်။

ကလေးများကို အစားကျွေးရာမှာ တခါတရံ သကြားကိုမိဘများကိုယ်တိုင်ထည့်ပြီး ကျွေးတဲ့အခါ သကြားပါဝင်မှုနှုန်းကို ထိန်းချုပ်လို့ရပေမယ့် တချို့သော အသင့်စား အစားအသောက်များကို ကျွေးတဲ့အခါမှာတော့ မိဘများအနေနဲ့ သကြားပါဝင်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့ခက်ခဲပါလိမ့်မယ်။ ဥပမာအားဖြင့် အသင့်သောက်နို့ဘူးတွေကို ကြည့်ပါ။

ပုံမှန်အားဖြင့် နို့တွေမှာ သဘာဝနို့သကြားဓာတ် ပါဝင်ပြီးသားဖြစ်ပေမယ့် ထုတ်လုပ်သူများက ပိုချိုစေဖို့ အခြားသော သကြားဓာတ်များကို ထပ်လောင်းထုတ်လုပ်လာကြတာမို့ အချို့သော အသင့်သောက်နို့ဘူးတွေမှာ သကြားဓာတ်လွန်ကဲနေတတ်ပါတယ်။ မိဘများက မိမိတို့ကလေးတွေ ကျန်းမာစေဖို့ရည်ရွယ်ပြီး တိုက်ကျွေးနေတဲ့ နို့တွေထဲမှာ ဒီလိုသကြားဓာတ်လွန်ကဲနေခြင်းဟာ ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ မနည်းလှတဲ့ဒီပမာဏတစ်ခုကို ကလေးတွေ နေ့တိုင်းသာစားသုံးနေမယ်ဆိုရင် ကိုယ်ရောစိတ်ပါ ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ သကြားဓာတ်ဟာ မူးယစ်ဆေးလိုပဲ စွဲလန်းစေတတ်ပါတယ်။ သကြားဓာတ်ကို အလွန်အကဲစားသုံးမိတဲ့ကလေးတွေမှာ ကြာလာတာနဲ့အမျှ Sugar Addiction လို့ခေါ်တဲ့ သကြားကိုစွဲလန်းစိတ်ဖြစ်ပေါ်လာပြီး ဒီစွဲလန်းမှုဟာ သူတို့ရဲ့ စိတ်အနေအထားနဲ့ အမူအကျင့်များအပေါ် များစွာသက်ရောက်မှုရှိစေပါတယ်။ သကြားဓာတ်ကိုပဲ မက်မက်မောမော တောင့်တနေတတ်ပြီး သကြားမစားရတဲ့အခါ ဒါမှမဟုတ် ပုံမှန်စားနေကျပမာဏထက် စားတာနည်းတဲ့အခါများမှာ ကတုန်ကယင်ဖြစ်တာ၊ စိတ်တိုလွယ်တာ၊ စိတ်ဖိစီးမှုခံနိုင်အားနည်းတာတွေဖြစ်တတ်ကြောင်း သိရှိရပါတယ်။

သကြားဓာတ်လွန်ကဲခြင်းဟာ မှတ်ဉာဏ်စွမ်းအားလျော့နည်းစေတတ်ကြောင်းကိုလည်း ကယ်လီဖိုးနီးယားလော့စ်အိန်ဂျလစ်တက္ကသိုလ် (UCLA) က သုတေသီများက လေ့လာတွေ့ရှိထားပါတယ်။ သကြားဓာတ်လွန်ကဲတဲ့အခါ အင်ဆူလင် (Insulin) လို့ခေါ်တဲ့ သွေးတွင်းသကြားဓာတ်ဝင်ရောက်မှုကို ထိန်းပေးသည့်ဓာတ်က မနိုင်တော့ပဲ ဦးနှောက်မှာရှိတဲ့ ဆဲလ်များကို ထိခိုက်စေပြီး မှတ်ဉာဏ်တည်ဆောက်မှုကို အားနည်းစေတဲ့အတွက် ကလေးများရဲ့ လေ့လာသင်ယူမှုအားကို ကျဆင်းစေတတ်ပါတယ်။

ဒါတွေအပြင် သကြားဓာတ်ကိုစွဲလန်းနေတဲ့ကလေးတွေဟာ ချိုတဲ့အစားအစာကိုသာ တပ်တပ်မက်မက်စားလိုကြပြီး အခြားသောအာဟာရဖြစ်စေတဲ့အစားအစာများကို ကျွေးတဲ့အခါ ချိုတာမဟုတ်ရင် မစားချင်ကြတော့ပါဘူး။ ထမင်းကျွေးတိုင်းဂျီကျတာတွေ၊ အစားရွေးတာတွေ ဖြစ်လာတဲ့နောက်မှာ ကြာလာတာနဲ့အမျှ အာဟာရအုပ်စု ၃ အုပ်စု မမျှတတော့ဘဲ အာဟာရချို့တဲ့လာနိုင်ပါတယ်။ သကြားဓာတ်က ပြိုကွဲသွားတဲ့အခါ စားသုံးသူကို စွမ်းအင်ပေးနိုင်တယ်ဆိုတာမှန်ပေမယ့် လိုအပ်တာထက်ပိုစားသုံးမိတဲ့ အခါမှာတော့ ပိုနေတဲ့သကြားဓာတ်များဟာ အဆီအဖြစ်သာပြောင်းလဲသွားပြီး ကလေးတွေကို အဝလွန်စေမှာ ဖြစ်ပါတယ်။

ကလေးတွေ ချိုတာကို ကြိုက်ကြတာဟာ သဘာဝဖြစ်တာမို့ သူတို့လေးတွေစားမယ့် အစားအစာတွေကို သေသေချာချာစိစစ်ပြီးမှ ကျွေးရမှာက လူကြီးမိဘများရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် အထက်ပါ သကြားရဲ့ အန္တရာယ်တွေကို မိမိတို့ကလေးတွေ မခံစားရအောင် ကလေးအတွက် အစားအသောက်တွေ ဝယ်ယူမည်ဆိုတိုင်း Label မှာပါတဲ့ သကြားပါဝင်မှုနှုန်းကို သေချာစိစစ်လေ့လာပြီးမှ ရွေးချယ်ဝယ်ယူရင်း ကျန်းမာတဲ့ကလေးများ ပျိုးထောင်နိုင်ကြစေဖို့ ဝေမျှပေးလိုက်ရပါတယ်။