သွားယိုယွင်းပျက်စီးတယ်ဆိုတာ ဘာလဲ။

သွားလေးတွေ ယိုယွင်းပျက်စီးတယ်ဆိုတာ သွားပိုးစားတယ်လို့လည်း သိကြပါတယ်။ သင့်ပါးစပ်ထဲမှာ သွားတွေကို ယိုယွင်းပျက်စီးစေတဲ့ ဘက်တီးရီးယားလေးတွေ ရှင်သန်နေတာကြောင့်ဖြစ်ပါတယ်။ ပျက်စီးနေတဲ့ သွားပိုးစားနေတဲ့ သွားလေးတွေကနေ အသည်းခိုက်အောင် သွားနာတာ၊ သွားကျိုးတာမျိုး ဖြစ်စေနိုင်ပါတယ်။

အခုလို သွားတွေယိုယွင်းပျက်စီးပြီး သွားပိုးစားတာတွေက စာဖတ်သူတို့ သတိမထားမိတဲ့ သွားလေးတွေရဲ့ အပေါ်ဆုံး ကြွေသွားလွှာ ပဲ့ခြင်းတွေကနေ အစပြုလာတာပါပဲ။

အဲဒီနောက် သွားတွေရဲ့ အလွှာတစ်လွှာချင်းဆီကို ဖျက်ဆီးပစ်ပြီး သွားရဲ့ အတွင်းဆုံး မွသွားလွှာ (Pulp) ထိ အဖြည်းဖြည်း ပျက်စီးသွားနိုင်ပါတယ်။ အဲဒီ မွသွားလွှာဟာ ထိခိုက်ပျက်စီးလွယ်တဲ့ သွေးကြောတွေ နဲ့ အာရုံကြောတွေရှိနေတဲ့ နေရာဖြစ်ပါတယ်။

သွားလေးတွေ ယိုယွင်းပျက်စီးရတဲ့ အဓိကအကြောင်းရင်း (၁၀) ချက်မှာတော့

၁။ ခံတွင်းသန့်ရှင်းရေးပြုလုပ်မှုအားနည်းခြင်း

ခံတွင်းသန့်ရှင်းရေးပြုလုပ်မှုဆိုရာမှာ သွားပုံမှန်တိုက်တာတစ်ခုတည်းကိုပဲဆိုလိုတာမဟုတ်ပါဘူး။ သွားကြားလေးတွေထဲထိ သန့်ရှင်းရေးမလုပ်ခြင်း၊ လျှာကိုသေချာတိုက်မပေးခြင်း၊ ပလုတ်ကျင်းတာမျိုး မလုပ်ခြင်း တွေလည်း ပါဝင်ပါတယ်။

စာဖတ်သူတို့အနေနဲ့ မနက်တစ်ကြိမ် နဲ့ ညတစ်ကြိမ် တစ်နေ့ကို အနည်းဆုံး သွား (၂) ကြိမ်တိုက်ပေးသင့်ပါတယ်။

ဒါပေမယ့် အစာစားပြီးနောက်ပိုင်းမှ တိုက်ပေးသင့်ပါတယ်။ သွားတိုက်တဲ့နေရာမှာလည်း အနည်းဆုံး ၂ မိနစ် အချိန်ယူ တိုက်ပေးသင့်တယ်။

၂။ ကြွေသွားလွှာ ပြဿနာများ

သွားတွေရဲ့ အပြင်ဖက်ဆုံး အလွှာဖြစ်တဲ့ ကြွေသွားလွှာပြဿနာတွေကတော့ Crevices လို့ခေါ်တဲ့ သင့်ရဲ့ သွား မျက်နှာပြင်မှာ ချိုင့်ခွက်လိုမျိုး ဖြစ်နေတာတွေ၊ သွားနှစ်ထပ်ဖြစ်တာတွေကနေ အစပြုတာပါပဲ။

အဲဒီနေရာလေးတွေမှာ စားကြွင်းစားကျန်တွေညှပ်မိစေပြီး နောက်ပိုင်းမှာ သွားကြွေစေကာ သွားပိုးစားစေပါတယ်။

အဲဒီလိုမျိုးဖြစ်နေတဲ့ သွားလေးတွေက ဘက်တီးရီးယားတွေပိုပြီး ရှင်သန်စေသလို သွားကျိုး(ဂျိုး) ၊ ချေး တွေလည်း အလွယ်တကူ ဖြစ်ပေါ်စေပါတယ်။ ဒီလိုဖြစ်တာကိုကာကွယ်ဖို့အတွက် Dental Sealants (သွားမျက်နှာပြင်အပေါ် ဆေးအပါးလွှာသုတ်လိမ်းခြင်း) လုပ်ပေးနိုင်ပါတယ်။

၃။ သွားအတွက် မသင့်တော်တဲ့ အစားအစာ စားသုံးခြင်း

သကြားပါဝင်မှုများတဲ့အစားအစာ၊ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့အစားအစာ၊ အက်ဆစ်ဓာတ်များတဲ့အစားအစာကို ရှောင်ရှားပေးတာဟာ သွားပိုးစားခြင်းကို ရှောင်ရှားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေပါပဲ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေ စားပေးပါ။

၄။ သကြားပါဝင်မှုများတဲ့အစားအစာတွေ

သကြားပါဝင်မှုများတဲ့အစားအစာတွေဟာ သင့်ခံတွင်းက ဘက်တီးရီးယားတွေအတွက်တော့ အကောင်းဆုံးအဖော်မွန်ပါပဲ။ သကြားပါဝင်မှုများတဲ့အစားအစာကိုစားပေးတာဟာ သင့်သွားလေးတွေပေါ်က မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေကို အစာကျွေးတာနဲ့အတူတူပါပဲ။

အဲဒီဘက်တီးရီးယားတွေက အစာစားပြီးရင် အက်ဆစ်ဓာတ်ထုတ်ပေးလို့ သွားတွေကို ပျက်စီးစေပါတယ်။

ဒါ့ကြောင့် အစားတစ်ခါစားပြီးတိုင်း သွားတိုက်ဖို့အတွက် သွားဆရာဝန်တွေက ညွှန်ကြားကြတာပါ။ သကြားပါဝင်မှုများတဲ့အစားအစာဆိုလို့ ချိုချဉ်တွေ၊ သကြားလုံးတွေကိုပဲမဟုတ်ပါဘူးနော်။ သကြားပါဝင်မှုများတဲ့ မုန့်တွေ၊ အချိုရည်တွေလည်း ပါဝင်ပါတယ်။

၅။ အက်ဆစ်ဓာတ်ပါဝင်မှုများတဲ့အစားအစာနဲ့ အချိုရည်များ

အက်ဆစ်ဓာတ်ပါဝင်မှုများတဲ့အစားအစာနဲ့ အချိုရည်ဆိုရင် “ဆိုဒါ” ကိုပဲ ပြေးမြင်ကြမယ်ထင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အက်ဆစ်ဓာတ်များတဲ့အစားအစာတွေကို ကျွန်မတို့နေ့စဉ်စားသုံးနေတာပါ။

ငါးနဲ့ ပေါင်မုန့်တို့မှာလည်း အက်ဆစ်ဓါတ်ပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း ဒီလိုအစားအစာတွေဟာ သွားကြွေလွှာကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် အဲဒီအစားအစာတွေစားပြီးတိုင်း ၅ မိနစ်လောက်နေပြီးရင် သွားတိုက်ပါ။

၆။ နှုတ်ခမ်းနဲ့ ခံတွင်း

သွားရည်တွေက သွားချေးတွေ၊ သွားဂျိုးတွေကို ပိုပြီး ကြီးမားလာစေပါတယ်။ ဒါတွေက နှုတ်ခမ်းခြောက်ခြင်း ၊ ခံတွင်းခြောက်ခြင်းတွေနဲ့၊ တခြား သွားရောဂါဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်စေသလို သွားပိုးစားပြီး သွားတွေကို ယိုယွင်းပျက်စီးစေပါတယ်။

အခုလို နှုတ်ခမ်းခြောက်တာက ဆေးဝါးတွေကြောင့်လည်းဖြစ်နိုင်သလို မျိုးရိုးကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဆီးချိုအတွက် သောက်နေရတဲ့ ဆေးဝါးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

၇။ သွားကြိတ်ခြင်း

သွားကြိတ်တတ်တဲ့သူ တော်တော်များများက သူတို့ကိုယ်သူတို့ သွားကြိတ်တတ်မှန်းမသိကြပါဘူး။ အိပ်နေတဲ့အချိန်၊ ကိုယ်ခံအားနည်းချိန်၊ စိတ်ဖိစီးမှုများတဲ့ချိန်တွေမှာ အဖြစ်များပါတယ်။

သွားကြိတ်တတ်တာဟာ သွားလေးတွေရဲ့ အပြင်ပိုင်း သွားကြွေလွှာကို ပျက်စီးစေပါတယ်။ သွားကြိတ်တတ်တာကို ကာကွယ်ဖို့  “Night Guard” လို့ခေါ်တဲ့ ပါးစပ်ထဲထည့်ပြီး ကိုက်ပေးရတဲ့အရာကို ကိုက်ပြီးအိပ်ပါ။

၈။ မျိုးရိုးဗီဇကြောင့်

သွားပိုးစားတဲ့ပြဿနာဟာ မျိုးရိုးဗီဇကြောင့် အဖြစ်များပါတယ်။ သင့်မိဘတွေက ဆံပင်ဖြူတတ်ရင် သင်လည်းဖြူတတ်သလိုမျိုး သွားလေးတွေပျက်စီးရတဲ့ သွားပိုးစားရတဲ့အကြောင်းရင်းတွေကလည်း မျိုးရိုးဗီဇဆိုတာကြောင့်ပါပါတယ်။

၉။ အသက်အရွယ်ကြောင့်

သွားပိုးစားတာ သွားအခေါင်းပေါက်ဖြစ်တာက အသက်အရွယ်ရလာတာနဲ့လည်း ဆိုင်ပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်အမြဲတမ်း မှီဝဲနေရတဲ့ ဆေးဝါးတွေက နှုတ်ခမ်းသား ခြောက်သွေ့စေပြီး၊ သွားဖုံးအားနည်းလာတာ၊ ခံတွင်းသန့်ရှင်းရေးပုံမှန်မလုပ်နိုင်တာတွေကြောင့် သွားလေးတွေ ပျက်စီးလာရတာပါ။

၁၀။ သွားဆရာဝန်နဲ့မပြခြင်း

သွားတစ်ခုခုဖြစ်ပြီဆိုတာနဲ့ သွားနှုတ်မှာစိုးရိမ်ပြီး သွားဆရာဝန်ဆီမသွားတာက သင့်သွားကျန်းမာရေးအတွက်ကောင်းပါဘူး။ နောက်ပိုင်းမှာ သွားပိုးစားတာ သွားတွေကို ယိုယွင်းပျက်စီးစေတာမျိုးဖြစ်စေပါတယ်။

သွားဆရာဝန်ဆီသွားရမှာမကြောက်ပါနဲ့။ သွားဆရာဝန်က စာဖတ်သူတို့ကို အကောင်းဆုံး ကူညီပေးနိုင်မှာပါ။ သွားကိုဂရုစိုက်တဲ့သူတွေအနေနဲ့ ၆ လ ၁ ခါ သွားဆရာဝန်ဆီသွားပြီး ပုံမှန်သန့်ရှင်းရေးလုပ်တာ စစ်ဆေးတာမျိုး လုပ်ပေးသင့်ပါတယ်။

အခုလို စစ်ဆေးတာမျိုးပြုလုပ်ပေးခြင်းအားဖြင့် သင့်သွားယိုယွင်းပျက်စီးစေတဲ့ လက္ခဏာရပ်တွေကို ရှာဖွေတွေ့ရှိနိုင်မှာပါ။

အဲလို လက္ခဏာမျိုးတွေ့ရရင်လည်း ဆရာဝန်က အမြန်ဆုံးကုသပေးနိုင်မှာဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူးနော်။ သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ သွားလေးတွေ ယိုယွင်းပျက်စီးခြင်းကနေ ကာကွယ်ဖို့ ဖလိုရိုက်ဒ်နဲ့ မိုက်ခရိုကယ်လ်ဆီယမ် ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ မနက် တစ်ကြိမ်၊ ညတစ်ကြိမ်သွားတိုက်ပေးဖို့လည်း အရေးကြီးပါတယ်။

စာဖတ်သူတို့မိသားစုဝင်တွေအားလုံး သွားပိုးပေါက်ဖြစ်ခြင်းမှကင်းဝေးကြပါစေရှင်။