သွား ဆိုတဲ့အစိတ်အပိုင်းဟာ ခန္ဓာကိုယ်ရဲ့အကြမ်းခံတဲ့အစိတ်အပိုင်းထဲမှာပါဝင်ပါတယ်။

Coffee, Tea နဲ့ ဆေးရွက်ကြီးပါဝင်တဲ့ ဆေးလိပ်၊ ဆေးပြင်းလိပ် စတာတွေတင်မကဘဲ Red Wine အနည်းငယ် သောက်မိတာမျိုးကလည်း သင့်သွားပေါ်မှာအလွန်ပါးလွှာတဲ့ အလွှာငယ်တထပ်အဖြစ် တင်ကျန်နေစေနိုင်ပါတယ်။ ဒါတွေကတော့ သင့်ရဲ့သွားတွေကိုပျက်စီးစေဖို့ အစဖြစ်ပါတယ်။

စိတ်ဝင်စားစရာတခုအနေနဲ့ ပြောရမယ်ဆိုရင်တော့ ရှေးခေတ်တွေကတည်းက အစပြုပြီးတော့ ပုလဲလေးတွေလို တောက်ပတဲ့သွားလေးတွေဟာ အလှတရားနဲ့ ကြွယ်ဝချမ်းသာခြင်းကို ကိုယ်စားပြုတယ်လို့ သတ်မှတ်ခဲ့ကြတာ ရာစုနှစ်ပေါင်းမြောက်မြားစွာအစဉ်အဆက်ပါပဲ။
သွားတွေကို ဖြူစင်အောင်သန့်စင်ခြင်း ဓလေ့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ပတ်ဝန်းကျင်ကတည်းက ရှေးဟောင်းအီဂျစ်လူမျိုးတွေရဲ့မှတ်တမ်းမှာ စတင်တွေ့ခဲ့ရတာပါတဲ့။

သူတို့ဟာ ရေညှိလိုခပ်ပျော့ပျော့အရာတွေကို ရှာလကာရည်နဲ့ရောပြီး သွားတွေကို ပွတ်တိုက်ကြပါတယ်တဲ့။ နောက်ရာစုနှစ်အနည်းငယ်မှာတော့ ရှေးဟောင်းရောမလူမျိုးတွေက ဆီး ကို အသုံးပြုပြီးသွားကို သန့်စင်ကြပါတယ်တဲ့။ ဟုတ်ပါတယ် သင်ဖတ်မိတာ ဆီ မဟုတ်ပါဘူး… ဆီး (Urine) ပါ။

အခုခေတ်ကတော့ နည်းပညာအသစ်တွေနဲ့ရော သဘာဝနည်းလမ်းအတိုင်းတွေပါ အပါအဝင် သွားသန့်စင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ Urine ကို သုံးပြီး သန့်စင်တဲ့နည်းကို အသုံးမပြုတော့တာကတော့ ကျေးဇူးတင်စရာပါပဲ။

သင့်ရဲ့သွားလေးတွေဖြူဖွေးသန့်စင်သွားဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ သွားဆရာဝန်ဆီကို ပုံမှန် သွားပေးဖို့ပါပဲ။ ဒါဟာ ထိရောက်ပြီး အန္တရာယ်အကင်းဆုံးနည်းလမ်းပါပဲ။ ဒါပေမယ့်လည်း ငွေကုန်ကြေးကျတော့ များနိုင်ပါတယ်။ သင့်ရဲ့သွားတွေကို အမြန်ဆုံးဖြူဖွေးသွားစေအောင် Bleaching လုပ်တာကလည်း တသက်လုံးခံမှာတော့ မဟုတ်ပါဘူး။ နောက်ထပ်ပြန် ပြန် လုပ်ပေးဖို့လိုအပ်ပါတယ်။

လွယ်လွယ်ကူကူနဲ့ ထိရောက်တဲ့နည်းလမ်းကတော့ သင့်ရဲ့ခံတွင်းကျန်းမာရေးကို အမြဲဂရုစိုက်ဖို့ပါပဲ။ သွားတိုက်ဆေးဝယ်ယူတဲ့အခါမှာ သွားတွေကိုဖြူဖွေးစေမယ့် Whitening ပါတာကိုရွေးချယ်ဝယ်ယူပြီး အသုံးပြုတာကလည်း သိပ်ပြီးထူးခြားမှုရှိမှာမဟုတ်ပါဘူး။ သာမန်သွားတိုက်ဆေးမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းချင်းတွေက အတူတူပါပဲ။

နောက်ထပ်အသုံးဝင်တဲ့နည်းလမ်းတခုကတော့ Baking Soda အသုံးပြုခြင်းပါပဲ။ သွားတိုက်ဆေးအစား Baking Soda ကို အသုံးပြုပေးရုံပါပဲ။ Baking Soda က Sodium Bi-Carbonate ဒြပ်ပေါင်းဖြစ်တာမို့ သင့်ရဲ့ သွားပေါ်က Acid တွေကို ဖယ်ရှားပေးပြီးတော့ သွားတွေကို ပိုမိုဖြူဖွေးတောက်ပလာစေမှာပါ။ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ရုံတင်မကဘဲ နောက်ထပ် မတင်နိုင်တော့အောင်လည်း Baking Soda က ကာကွယ်ပေးနိုင်ပါတယ်။

သင့်ရဲ့သွားတွေကို သဘာဝအတိုင်းဖြူဖွေးတောက်ပချင်တယ်ဆိုရင် အချိန်တိုတိုနဲ့တော့ မဖြစ်နိုင်ပါဘူး။ ခံတွင်းကျန်းမာရေးကို အမြဲတမ်း စနစ်တကျ ဂရုစိုက်ပေးခြင်းကသာလျှင် အကောင်းဆုံးနည်းလမ်း ဖြစ်လာနိုင်မှာပါ။