ဆံကေသာကို အမျိုးသမီးတိုင်း မြတ်နိုးတန်ဖိုးထားကြပါတယ်နော်။ ဆံကေသာကို မြတ်နိုးတန်ဖိုးထားပေမယ့် အချိန်တကူးတကပေးပြီး Saloon တွေမှာ ပေါင်းတင်တာမျိုး မလုပ်ချင်တဲ့သူတွေအတွက် အိမ်မှာပဲ အလွယ်တကူပြုလုပ်လို့ရမယ့်နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

၁။ ဆံပင်ပုံသွင်းစက်တွေကို မသုံးပါနဲ့တော့။

ဆံပင်ပုံသွင်းစက်သုံးတာတွေကို Bye Bye လို့ နုတ်ဆက်လိုက်ရအောင်ပါ။ ဒီဆံပင်ပုံသွင်းစက်တွေဟာ ဆံကေသာကို ပိုမိုထိခိုက်ပျက်စီးစေပြီး ဆံသားခြောက်သွေ့ ကြမ်းတမ်းစေသလို ဆံပင်လည်းကျွတ်စေပါတယ်။

၂။ ဦးရေပြားအတွင်းသွေးလည်ပတ်မှုကောင်းမွန်စေပြီး ဦးခေါင်းကို နှိပ်ပေးမယ်။

ဦးခေါင်းကို ရေမချိုးခင် ၁၀ မိနစ်အလိုမှာ လက်ချောင်းလေးတွေနဲ့ ညှင်သာစွာနှိပ်နယ်ပေးပါ။ အဲဒီလိုနှိပ်နေတဲ့အချိန်မှာ အုန်းဆီ (သို့) သံလွင်ဆီကို အပူပေးပြီး ဥရေပြားပေါ် လိမ်းကာ နှိပ်ပေးနိုင်ပါတယ်။

၃။ အိမ်မှာပဲ ဆံပင်ပေါင်းရအောင်။

အိမ်မှာလွယ်လွယ်ကူကူ ပေါင်းတင်လို့ ဘာလို့မရရမှာလဲ။ အလှကုန်ပစ္စည်းဆိုင်တွေမှာ ရနိုင်တဲ့ ပေါင်းဆေးတွေထက် ပိုပြီးသဘာဝကျတဲ့ အိမ်တွင်းဖြစ်ပစ္စည်းလေးတွေနဲ့ ပေါင်းတင်ဖို့အကြံပြုချင်ပါတယ်နော်။ ရေ နည်းနည်း၊ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကိုသေချာရောပြီးမွှေပေးပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံကေသာပေါ်လိမ်းပေးပြီးခဏထားပါ။ အဲဒီနောက် လက်ဖက်ခြောက်ကို ရေနွေးဆူဆူနဲ့ပြုတ်ပေးပြီး အအေးခံထားပါ။ အဲဒီအအေးခံထားတဲ့ရေနဲ့ ခေါင်းကိုရေဆေးချပါ။ ဆံသားခြောက်သွေ့ကြမ်းတမ်းတာတွေ ဆံပင်ကျွတ်တာသက်သာစေပါတယ်။

၄။ ဆံပင်ကို တီရှပ်အဟောင်းနဲ့သုတ်ပါ။

ဆံပင်ရေစိုစိုကို တဘက်နဲ့သုတ်တာမျိုးမဟုတ်ဘဲ တီရှပ်အဟောင်းတစ်ထည်နဲ့ သုတ်ပေးပါ။ အဲဒါဟာ သင့်ဆံပင်ကျွတ်တာကို ကာကွယ်ပေးနိုင်သလို ရေကိုလည်း ပိုမိုစုပ်ယူပါတယ်။

၅။ ခေါင်းဘီးကိုမှန်မှန်ကန်ကန်ရွေးချယ်အသုံးပြုပါ။

ခေါင်းဘီးကို ဘီးစိပ်တာမျိုးမဟုတ်ဘဲ ဘီးကျဲကိုဝယ်ပေးပါ။ ပြီးရင် တစ်နေ့ကို ၂ ကြိမ်ပဲခေါင်းဖြီးသင့်ပါတယ်။ မနက်တစ်ကြိမ် ညနေတစ်ကြိမ်ပါ။ ခေါင်းလျှော်ပြီးပြီးချင်း ရေစိုနေတဲ့အချိန်မှာ ခေါင်းမဖြီးလိုက်ပါနဲ့နော်။

၆။ တရုတ်ဆီးဖြူသီး

တရုတ်ဆီးဖြူသီးဟာ ဆံကေသာကို သန်စွမ်းစေပြီး ပျော့ပြောင်းစေသလို ဆံပင်ကျွတ်တာသက်သာစေပါတယ်။ တရုတ်ဆီးဖြူသီးကို အခြောက်လှမ်းအမှုန့်ကြိတ်ပြီး ရေနွေးနဲ့ပြုတ်ကာ ခေါင်းလျှော်ပေးနိုင်ပါတယ်။ တရုတ်ဆီးဖြူသီးကိုစားပေးတာနဲ့ ဖျော်ရည်ဖျော်သောက်ပေးတာဟာလည်း ဆံပင်ကိုသန်စွမ်းစေပါတယ်။

၇။ ၁၀ မိနစ်လောက်တရားမှတ်မယ်။

တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်လောက် တရားမှတ်ပါ။ အသက်ကိုမှန်မှန်ရှုပေး ဝင်လေထွက်လေမှတ်ပါ။ မျက်လုံးမှိတ်ကာ စိတ်အာရုံတွေကို စုစည်းထားပါ။ အာရုံကြောကိုလည်း သက်သောင့်သက်သာရှိစေပြီး သင့်ကို ကျန်းမာေျာ်ရွှင်စေသလို ဆံကေသာကိုလည်း သန်စွမ်းစေပါတယ်။

၈။ ဆံပင်ကိုပုံမှန်လေးညှပ်ပေးမယ်။

ဆံပင်အဖျားလေးတွေကို ပုံမှန်လေးတိပေးပါ။ ၂ လတစ်ခါလောက်တိပေးတာဟာ ဆံဖျားနှစ်ခွဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပြီး ဆံပင်လည်းအရှည်မြန်စေပါတယ်။

၉။ ဆံပင်ကို ခဏခဏ အမြင့်ကြီးစည်းတာမျိုးမလုပ်ပါနဲ့။

ဆံပင်ကို ခပ်မြင့်မြင့်စည်းတာက ခေါင်းကိုလည်း ခဏခဏဖြီးပေးရသလို ဆံပင်ကျွတ်စေပါတယ်။ စည်းပြီးရင်လည်းခိုင်ခိုင်စည်းပေးရပြီး ခေါင်းပြန်ဖြည်ချရင်လည်း ဆံပင်ကျွတ်စေပါတယ်။ ဒါ့အပြင် ဆံပင်ပုံအမျိုးမျိုးကို ခဏခဏ လုပ်ပေးတာကလည်း ဆံပင်ကိုပျက်စီးစေပါတယ်။