ဆံပင်တွေကျွတ်နေလို့ စိတ်ညစ်နေလား။ ကိုယ်သုံးနေတဲ့ အလှကုန်ပစ္စည်းတွေကလည်း ကိုယ်နဲ့အဆင်မပြေလို့ သဘာဝနည်းလမ်းကို စမ်းပြီးသုံးချင်တဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ လူတိုင်းတစ်နေ့ကို ဆံပင်အချောင်း ၁၀၀ လောက်ပျမ်းမျှအားဖြင့် ကျွတ်ကြတယ်လို့ဆိုပါတယ်။ ဆံပင်ကျွတ်တာဟာ ကိုယ်စားနေတဲ့ အစားအစာ၊ စိတ်ဖိစီးမှု၊ ဘဝနေထိုင်မှုတွေ၊ မျိုးရိုးဗီဇတွေနဲ့လည်းဆိုင်ပါတယ်။ ဆံပင်ကျွတ်တာသက်သာစေဖို့ လိုက်ရမယ့် အချက်လေးတွေကို MyHealth Myanmar မှာလည်း ထပ်ခါထပ်ခါဖော်ပြပေးနေတာမို့ အထူးတလည်မပြောတော့ဘူးနော်။

ဆံပင်ကျွတ်တာကို သက်သာပျောက်ကင်းစေဖို့အတွက် မာလကာရွက်ကိုအသုံးပြုရမယ့်နည်းလမ်းလေးကိုပဲ မျှဝေပေးလိုက်တော့မယ်။

မာလကာရွက်ကို ဘာလို့သုံးသင့်သလဲ

မာလကာရွက်မှာ ဆံပင်ကျွတ်တာကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ဗီတာမင် B ဟာ ဆံပင်တွေကို သန်စွမ်းစေတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး မာလကာရွက်မှာ ဗီတာမင် Bကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ဆံကေသာကို သန်စွမ်းစေပါတယ်။

ဘယ်လိုသုံးမလဲ

မာလကာရွက်ကို ရေသေချာဆေးပြီး ရေ ၁ လီတာလောက်နဲ့ ပြုတ်လိုက်ပါ။ မိနစ် ၂၀ လောက်ပြုတ်ပေးပါ။

ပြီးရင် မီးဖိုပေါ်က ချပြီး အေးအောင်ထားပါ။ ပြီးရင် ခေါင်းမလျှော်ခင်မှာ ဦးရေပြားနဲ့ ဆံပင်အမြစ်ကနေ အဖျားထိ လိမ်းပေးပါ။ ပြီးရင် ဦးရေပြားကို ဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။

၁ နာရီ ၂ နာရီလောက်ထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချလိုက်ပါ။

နောက်ဆုံး ဆံပင်ကျွတ်တာကို ဘိုင့်ဘိုင်လို့ နုတ်ဆက်လို့ရပါပြီ။