ကျန်းမာပြီး သန်စွမ်းတောက်ပြောင်တဲ့ ဆံကေသာတစ်ခုအတွက် ဆံကေသာကို ဂရုတစိုက်ထိန်းသိမ်ဖို့လည်းလိုပါတယ်။

ရာသီဉတုပူအိုက်ရင် ဆံသားအဆီပြန်တာမြန်သလို ဆံသားခြောက်သွေ့တာလည်းလွယ်ကူပါတယ်။ ဒါကြောင့် ပူအိုက်တဲ့အချိန်တွေမှာ ဆံသားကို ဘယ်လိုထိန်းသိမ်းကြမလဲဆိုတာ မျှဝေလိုက်ပါတယ်။

သဘာဝဆံပင်ပေါင်းဆေး

သဘာဝဆီတွေနဲ့ ဆံပင်ပေါင်းပေးတာဟာ ဆံသားခြောက်သွေ့တာကို သက်သာစေပြီး ဆံသားကို တောက်ပြောင်စေပါတယ်။ အဲဒီအတွက် အုန်းဆီကို အသုံးပြုလို့ရပါတယ်။ အုန်းဆီဟာ ဆံသားအတွင်း ပရိုတင်းဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆံပင်ကျွတ်တာ ဗောက်ထတာနဲ့ ဆံသားပျက်ဆီးတာကို ကာကွယ်ပေးနိုင်ပါတယ်။

သံလွင်ဆီကလည်း ဆံကေသာအတွက် အရမ်းကိုကောင်းမွန်ပါတယ်။ ဒီဆီ ၂ မျိုးကိုရောပြီး သေချာမွှေပါ။ ဦးရေပြားနဲ့ ဆံကေသာပေါ်မှာ လိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ ပြီးမှ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။

ဆံဖျားနှစ်ခွဖြစ်တာတွေအတွက် သင်္ဘောသီး

ဆံဖျားနှစ်ခွဖြစ်တာက အမျိုးသမီးတော်တော်များများ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ အဲဒီအတွက် သင်္ဘောသီးက ကူညီပေးမှာပါ။

သင်္ဘောသီးမှည့် တစ်ခြမ်း၊ သံလွင်ဆီ ခွက် ၁/၄ ပုံ၊ ပျားရည် စားပွဲတင်ဇွန်း တစ်ဝက်။ ပါဝင်ပစ္စည်းအားလုံးကိုသေချာရောပြီး မွှေလိုက်ပါ။

ပြီးရင် ဆံကေသာပေါ်မှာ နှံ့အောင်လိမ်းပေးပြီး ၁ နာရီ ၂ နာရီလော်ကထားပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပါ။

ခြောက်သွေ့ပျက်ဆီးတဲ့ဆံသားတွေအတွက် ပရိုတင်းဓါတ်နဲ့ ပေါင်းမယ်

ပါဝင်ပစ္စည်းများများစားစားမလိုပါဘူး။ ကြက်ဥ ကိုအသုံးပြုရမှာပါ။ ကြက်ဥဟာ ဆံသားပျက်ဆီးတာကို ပြုပြင်ပေးနိုင်ပြီး၊ ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ ခြောက်သွေ့တဲ့ဆံသားကိုလည်း ပြန်ပြီးတောက်ပြောင် စိုပြေစေပါတယ်။

ဆံပင်အတိုအရှည်ပေါ် မူတည်ပြီး ကြက်ဥ ၁ လုံး (သို့) ၂ လုံးကိုခွဲပြီး သေချာမွှေပါ။ ပြီးရင် ဆံကေသာပေါ်မှာ သေချာနှံ့စပ်အောင်လိမ်းပေးပြီးရင် Shower cap စောင်းပြီး မိနစ် ၂၀ – ၃၀ ခန့်ထားပါ။ ပြီးမှ ခေါင်းလျှော်ချပါ။

မှတ်ချက် – ကြက်ဥအစား ဒိန်ချဉ်နဲ့ ပေါင်းတင်ချင်လည်းရပါတယ်။