လူတွေတော်တော်များများ ကော်ဖီကို ကြိုက်နှစ်သက်ကြပါတယ်။ တချို့ဆို တစ်နေ့ကို ကော်ဖီမသောက်ဘဲ မနေနိုင်ပါဘူး။ မနက်စောစောအိပ်ယာနိုးနိုးချင်း ကော်ဖီသောက်တတ်ကြသလို အလုပ်မှာ အိပ်မငိုက်စေဖို့အတွက်လည်း ကော်ဖီသောက်ကြတယ်။ သူငယ်ချင်းတွေနဲ့ သွားရင်းလာရင်းနဲ့လည်း ကော်ဖီအတူသောက်ကြလေ့ရှိပါတယ်။

ဒါပေမယ့် ကော်ဖီဟာ သင့်ရဲ့ သွားလေးတွေကို အရောင်ပြောင်းခြင်းနဲ့ သွားပိုးစားခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကော်ဖီသောက်ပြီးရင်လည်း တောက်ပတဲ့ အပြုံးပန်းလေးဆင်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားပါမယ်နော်။

ကော်ဖီဟာ သွားတွေကို ဘယ်လို အရောင်ပြောင်းစေပါသလဲ

ကျွန်မတို့သွားလေးတွေရဲ့ အပြင်ဖက်ဆုံးမှာရှိတဲ့ သွားကြွေလွှာ (Enamel) တွေဟာ ခရစ္စတယ်လို့ခေါ်တဲ့ ကျောက်သလင်းလေးတွေစုပြီး ဖွဲ့စည်းထားတာပါ။ ဒါ့ကြောင့် ကျွန်မတို့ စားသုံးလိုက်တဲ့ အစားအစာတွေဟာ အဲဒီ့သွားမျက်နှာပြင်မှာ ပိတ်မိ ကျန်ရစ်ခဲ့တတ်ပါတယ်။  နောက်ပိုင်းမှာ သွားချေးလွှာလေးတွေဖြစ်လာပြီး သွားတွေကို အရောင်ပြောင်းလာစေပါတယ်။ ဒါ့ကြောင့် သွားဖြူဖြူလေးကနေ အရောင်မွဲခြောက်ခြောက်ကြီး ဖြစ်သွားတတ်ပါတယ်။ဒါ့အပြင် အဲဒီ သွားချေးလွှာလေးတွေက တစ်ဆင့် သွားပိုးစားခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

ကော်ဖီသောက်လို့ သွားအရောင်ပြောင်းတာကို ဘယ်လိုရှောင်ကြဉ်မလဲ

အကောင်းဆုံးကတော့ ကော်ဖီ၊ လက်ဖက်ရည် နဲ့ သွားတွေကို အရောင်ပြောင်းစေတဲ့ အစားအစာတွေကို ရှောင်ပေးတာပါပဲ။ ဒါပေမယ့် လူတိုင်းတော့ ဒီနည်းလမ်းကို မလိုက်နာနိုင်ကြပါဘူး။

ကော်ဖီသောက်ရင် ပိုက်နဲ့ ဖြည်းဖြည်းချင်း သောက်ပေးတာမျိုး(သို့) သွားတွေကို မထိအောင် ခပ်ဖွဖွလေး သောက်ပေးတာမျိုး၊ ကော်ဖီသောက်နေချိန်မှာ ရေ သောက်ပေးတာမျိုး၊ သောက်ပြီးသွားရင်လည်း ရေနဲ့ပလုတ်ကျင်းပေးတာမျိုးလုပ်မယ်ဆိုရင် သွား အရောင်ပြောင်းခြင်းနဲ့ သွားပိုးပေါက်ဖြစ်တာကို သက်သာစေပါတယ်။

သွားပိုးပေါက်ကင်းပြီး လှပတဲ့ သွားတွေကို ပိုင်ဆိုင်ဖို့ အကောင်းဆုံး နည်းလမ်းလေးတွေ

၁။ ပိုက်ကို သုံးပါ

ကော်ဖီ (သို့) တခြား သွားတွေကို အရောင်ပြောင်းစေတဲ့ အရည်တွေ သောက်တဲ့အခါ ပိုက်သေးသေးလေးနဲ့ သောက်ပေးပါ။ သွားတွေကို မထိအောင်သောက်ပေးတာဟာ သွားညစ်ညမ်းခြင်းကို လျှော့ချပေးနိုင်ပါတယ်။

၂။ သွားတွေကို သန့်ရှင်းရေးလုပ်ပါ

အထက်မှာ ဖော်ပြခဲ့သလိုပဲ သွားတွေ အရောင်ပြောင်းပြီး သွားချေးလွှာတွေ အများကြီး ဖြစ်ပေါ်မလာစေဖို့အတွက် သွားကို သန့်ရှင်းရေးလုပ်တာ၊ သွားတိုက်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ သွားတိုက်မယ်ဆိုရင် မိုက်ခရို ကယ်လ်ဆီယမ်နဲ့ ဖလိုရိုက် ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ည တစ်ကြိမ် ပုံမှန်သွားတိုက်ပေးပါ။

၃။ ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာဟာ သွားတွေကို အရောင်ပြောင်းစေရုံသာမက တခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ ခံတွင်းကင်ဆာတို့လို ဆိုးရွားလှတဲ့ ရောဂါတွေဖြစ်စေလို့ ဆေးလိပ်သောက်တာကို ရှောင်ပေးသင့်ပါတယ်။