ခါးဘေးမှာ စုနေတဲ့အဆီနဲ့ ခါးနောက်ကအဆီတွေဟာ ချရခက်တဲ့အဆီတွေထဲမှာပါပါတယ်။ ဝိတ်ချချင်ရင်တော့ အစားအစာကို အာဟာရဓာတ် ညီညွှတ်မျှတအောင် စားဖို့လိုအပ်သလို ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ ဗိုက်ခေါက်ထူထူကြီးဖြစ်နေလို့ စိတ်ညစ်နေသူတွေအတွက် လေ့ကျင့်ခန်းကို တင်ပေးလိုက်ပြီနော်။

၁။ အရင်ဆုံး ခြေထောက်နှစ်ဖက်ကို စုပြီး မတ်တပ်ရပ်နေပါ။ ပြီးရင် ခန္ဓာကိုယ်ကို ကိုင်းပြီး လက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ထိနိုင်သမျှ ထိအောင်လုပ်ပေးပါ။ အဲဒီအတိုင်း နေနိုင်သလောက်နေပေးပါ။ ၁၀ ကြိမ် (သို့) ၁၅ ကြိမ် ၂ ကျော့ ၊ ၃ ကျော့လုပ်ပေးပါ။

၂။ ၄ ပေါင် (သို့) ၅ ပေါင်ရှိ အလေးတုံးအသေးကို ယူပါ။ လက်တစ်ဖက်ကနေ စွဲပြီး ခါးကိုကိုင်းလိုက်ပါ။ နောက်လက်တစ်ဖက်ကို ခေါက်ပြီး ခေါင်းနောက်မှာ ကပ်ထားပါ။ အခုပုံပါအတိုင်း ခါးကိုပဲကိုင်းပေးရမှာပါ။ တင်နဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို မတ်မတ်ထားပါ။ ၁၅ ကြိမ်ကနေ အကြိမ် ၂၀ ၃ ကျော့လုပ်ပေးပါ။

၃။ ဒိုက်ထိုးလေ့ကျင့်ခန်းကို လုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကလည်း ဗိုက်ကအဆီတွေကျဖို့ ကူညီပေးပါတယ်။ အကြိမ် ၂၀ကို ကနေ အကြိမ် ၃၀ကို ၂ ကျော့ (သို့) ၃ ကျော့။

၄။ အရင်ဆုံး မှောက်လျက်နေပေးပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို အပေါ်မြောက်ပြီး လက်နှစ်ဖက်နဲ့ ခြေဖနောင့်ကို ကိုင်ထားပေးပါ။ အဲဒီအတိုင်း နေနိုင်သလောက်နေပေးပါ။

၅။ မှောက်လျက်နေပေးပါ။ ပြီးရင် လက်နဲ့ ခြေထောက်ကို အပေါ်မြောက်ပြီး ဗိုက်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းထားရမှာဖြစ်ပါတယ်။ အဲဒီအတိုင်း နေနိုင်သလောက်နေပါ။ ပြီးရင် နဂိုအတိုင်းပြန်နေပါ။ အဲဒီအတိုင်း ၁၅ ကြိမ်ကနေ အကြိမ် ၂၀ ကို ၃ ကျော့ ၄ ကျော့ လုပ်ပေးပါ။

၆။ ဘောလုံးတစ်လုံးပေါ် ဗိုက်နဲ့ ဖိထားလိုက်ပါ။ ခြေထောက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ ထိန်းထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားပါ။ ပြီးရင် ခန္ဓာကိုယ်အပေါ်ပိုင်းကို အောက်ချလိုက် အပေါ်မလိုက်လုပ်ပေးရမှာဖြစ်ပါတယ်။ ၁၂ ကြိမ်ကနေ ၁၅ ကြိမ်လုပ်ပေးရမှာဖြစ်ပြီး ၁ ကျော့ ၂ ကျော့ လုပ်ပေးရပါမယ်။

၇။ အရင်ဆုံး ကျောလှဲနေလိုက်ပါ။ ပြီးရင် ဒူးနှစ်ဖက်ကို ကွေး၊ လက်နှစ်ဖက်ကို အနောက်ပစ်ထိန်းထားပြီး ခန္ဓာကိုယ် အလည်ပိုင်းကို ကြွပေးထားပါ။ အဲဒီအတိုင်း စက္ကန့်အနည်းငယ်နေပေးပါ။

အခုဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေကို မနက်တိုင်း ပုံမှန် ၂ ပတ်တိတိ လုပ်ပေးရမှာပါ။ ပြီးရင် ညစာကို လျှော့စားပေးရပါမယ်။ ညစာမှာ အသီးအရွက်ပြုတ်စားရင် ပိုကောင်းပါတယ်။