Gym မှာ Member ဝင်ထားပေမယ့်လည်း အချိန်မရှိလို့ သွားပြီးတော့ အားကစားမလုပ်ဖြစ်ဘူးလား။ ဒါမှမဟုတ် Gym က တအားလူရှုပ်လွန်းပြီး စက်ပစ္စည်းတွေက အသုံးပြုဖို့ တအားခက်ခဲနေပါသလား။ Gym သွားရမှာကို ပျင်းနေတာလား။

ဘာပဲဖြစ်ဖြစ် ကိုယ်ခန္ဓာကျစ်လစ်မှုရှိစေဖို့အတွက် Gym ကို မသွားမဖြစ်သွားရမယ်လို့ ဘယ်သူမှ တပ်အပ်မပြောထားပါဘူး။ အတိုင်းအတာတစ်ခုလောက်အထိတော့ Gym မှာ အားကစားလုပ်ခြင်းက ကိုယ်ခန္ဓာအချိုးအစားအတွက် အထောက်အကူဖြစ်ပေမယ့်လည်း ကိုယ့်ရဲ့လူနေမှုဘဝမှာ အပြောင်းအလဲလေးတွေ အနည်းငယ်ပြုလုပ်လိုက်ရုံနဲ့ ကျန်းမာရေးအတွက်ပါ ကောင်းမွန်တဲ့ သက်ရောက်မှုတွေရှိစေနိုင်မှာပါ။

Gym ကိုသွားပြီးတော့ ချွေးဒီးဒီးကျအောင် ကြိုးစားစရာမလိုဘဲနဲ့လည်း ကိုယ်ခန္ဓာကျစ်လစ်စေဖို့အတွက် အခုဖော်ပြပေးမယ့် အချက်လေးတွေကိုသာ လိုက်နာလိုက်ပါ။

၁။ မကောင်းတဲ့ အကျင့်ဆိုးတွေကို ဖျောက်ဖျက်ပစ်ပါ

Source: Money Inc

ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးတွေဖြစ်တာကြောင့် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ကျစ်ကျစ်လစ်လစ်ရှိလိုပါက လုံးဝရှောင်ကြဉ်သင့်ပါတယ်။

၂။ အိပ်ရေးဝဝအိပ်ပါ

Source: Weekly Opinion

အိပ်စက်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးပြီး စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပါတယ်။ ဇီဝဖြစ်စဉ်ပိုမိုကောင်းမွန်စေဖို့အတွက်၊ အာရုံစူးစိုက်အားနှင့် ကိုယ်ခံအားကောင်းစေဖို့အတွက် သင့်တင့်လျောက်ပတ်တဲ့ အိပ်စက်ချိန်ကို ရရှိရပါမယ်။ အိပ်ရေးမဝပါက လေဖြတ်ခြင်း၊ သွေးပေါင်တက်ခြင်းနှင့် ဆီးချိုရောဂါဝေဒနာများကို ခံစားလာရနိုင်မှာဖြစ်ပါတယ်။ ထိုနည်းတူပင် ကိုယ်အလေးချိန်လျော့ချရာမှာလည်း ဘယ်နည်းနဲ့မှ အထောက်အကူဖြစ်နိုင်တော့မှာမဟုတ်ပါဘူး။

၃။ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပါ

Source: Catherine Gibson Wellness

ကိုယ်အလေးချိန်လျော့ချရန်အတွက်သာမက တစ်ကိုယ်ရည်ကျန်းမာရေးအတွက်လည်း စိတ်ဖိစီးမှုမရှိခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်ပြုလုပ်ပေးခြင်းကို မနက်မိုးလင်းအိပ်ရာနိုးတာနဲ့ ပြုလုပ်ပေးပါက ကျန်းမာရေးပိုကောင်းစေပြီး နေလို့ထိုင်လို့လည်းကောင်းမှာဖြစ်ပါတယ်။

ခရီးတိုလေးတွေသွားခြင်း၊ ယောဂလေ့ကျင့်ခန်းလုပ်ခြင်း၊ Spa သွားခြင်းတို့လို အားလပ်ချိန်လေးတွေကို ရယူပြီး ရှုပ်ထွေးလှတဲ့ နေ့စဉ်ဘဝကနေ တစ်ခါတစ်လေ အနားယူပေးပါ။

၄။ ဝါသနာအသစ်ဖန်တီးပါ

Source: Movie

ဝါသနာအသစ်ကို ဖန်တီးယူခြင်းက ဦးနှောက်မှတ်ဉာဏ်ကို တိုးတက်စေရုံသာမက လူမှုအပေါင်းအသင်းဝင်ဆံ့စေမယ့် အခွင့်အရေးကိုလည်း ရရှိစေပါတယ်။ လှုပ်လှုပ်ရှားရှားပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကိုလည်း အဆီကျစေကာ ကျစ်လစ်မှုရှိစေတာကြောင့် အဖက်ဖက်မှ ကောင်းကျိုးတွေပြည့်ဝနေပါတယ်။

၅။ မနက်စာကို သေချာစားသုံးပါ

Source: Kate’s Kitchen

မနက်စာက တစ်နေ့တာမှာ အရေးကြီးဆုံးဖြစ်တာကြောင့် သွက်သွက်လက်လက်နဲ့ လှုပ်ရှားသွားလာနိုင်ဖို့အတွက် မနက်စာကို ဂရုတစိုက်နဲ့စားသုံးပါ။

မနက်စာမစားဘဲ ကျောင်းသွာခြင်း၊ အလုပ်သွားခြင်းတို့ ပြုလုပ်မိပါက လေဖြတ်ခြင်း၊ နှလုံးရောဂါများ၊ သွေးပေါင်တက်ခြင်းတို့လို့ ရောဂါအစုံခံစားလာရနိုင်တာကြောင့် မမေ့မလျော့ဘဲ စားသုံးပါ။

၆။ ရေဓာတ်ဖြည့်တင်းပါ

Source: Academy of Nutrition and Dietetics

တစ်နေ့တာမှာ ရေများများသောက်ခြင်း၊ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက် ဖျော်ရည်များကို သောက်သုံးခြင်းက သင့်ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေစေမှာဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝနေပါက ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်များကို ဖယ်ရှားပစ်ပြီး ကိုယ်တွင်းအင်္ဂါများ မှန်မှန်အလုပ်လုပ်နိုင်အောင် ကူညီပေးကာ ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ အစားလျှော့စားတာထက် ပိုပြီးတော့ကို ကိုယ်အလေးချိန်ကျစေမှာဖြစ်ပါတယ်။

၇။ လှုပ်လှုပ်ရှားရှားနေပါ

Source: Massmouth

လေ့ကျင့်ခန်းတွေ အများကြီးရှိတဲ့အထဲကမှ နေရာမရွေးလုပ်လို့အဆင်ပြေပြီး မပျက်မကွက်ဘဲ မှန်မှန်လုပ်နိုင်မယ့် လေ့ကျင့်ခန်းတွေကို ရွေးချယ်ပြုလုပ်ပါ။ ပြုလုပ်တဲ့အခါမှာလည်း ကိုယ့်အတွက်အဆင်ပြေဆုံးဖြစ်မယ့် အချိန်ကိုရွေးချယ်ပါ။ အချိန်ဘယ်လိုမှ မပေးနိုင်လို့ လေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုပါက လှေကားထစ်တွေ ဆင်းလိုက်တက်လိုက်လုပ်ခြင်း၊ ကိုယ့်ရဲ့တိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားခြင်း၊ လမ်းလျှောက်ထွက်ခြင်း စသဖြင့်ကို အစားထိုးပြီးတော့ ပြုလုပ်ပေးနိုင်ပါတယ်။

၈။ အိမ်အလုပ်တွေလုပ်ပါ

Source: Fantastic Cleaners

ဖုန်ခါခြင်း၊ ကြမ်းတိုက်ခြင်း၊ အဝတ်လျှော်ခြင်း၊ မြက်နှုတ်ခြင်း၊ ဟင်းချက်ခြင်း၊ ဖုန်စုပ်စက်ဖြင့် တစ်အိမ်လုံးသန့်ရှင်းရေးလုပ်ခြင်း၊ ပန်းပင်စိုက်ပျိုးခြင်း စတဲ့ အိမ်အလုပ်တွေဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်မယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။ ဈေးဝယ်ထွက်ခြင်းနှင့် လိုအပ်တဲ့ ပစ္စည်းလေးတွေ သွားရောက်ဝယ်ယူခြင်းတို့ကလည်း သင်ထင်ထားတာထက်ကို ပိုပြီးတော့ ကယ်လိုရီတွေ ဖယ်ရှားပစ်ပေးမှာပါ။

Credit: WINGMAN