ပရိုတင်းဟာ ကျွန်ုပ်တို့ရဲ့န္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုပါ။ ဇီဝဖြစ်စဥ်ကို လှုံ့ဆော်ပေးပြီး ကြွက်သားများ တည်ဆောက်တာကို ကူညီပေးပါတယ်။ ဒါတင်မဟုတ်ပဲ လူတော်တော်များများက Atkins၊ Zone နဲ့ Paleo လိုမျိုး ပရိုတင်းဓာတ် မြင့်မားပြီး ကာဗိုဟိုက်ဒရိတ်နည်းတဲ့ အစားအစာတွေကို ရွေးချယ်ရတဲ့ အဓိက အကြောင်းရင်းက ပရိုတင်းက ကိုယ်အလေးချိန် လျှော့ချတဲ့အခါ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေလို့ပါ။

ကျန်းမာသောလူတွေအတွက် ခန္ဓာကိုယ်အလေးချိန်တစ်ကီလိုဂရမ်လျှင် ပရိုတင်း ၀.၈ ဂရမ်စားဖို့ လိုအပ်ပြီး  အသက်အရွယ်အလိုက် ကွဲပြားပြီး အသက်ကြီးလာတာနဲ့အမျှ တိုးလာပေမယ့် နေ့စဉ်အကြံပြုထားသည့်ပမာဏထက် ကျော်လွန်အောင် စားသုံးမိရင်လည်း ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပရိုတင်းဓာတ်ကို အလွန်အကျွံစားမိနေကြောင်း ပြသတဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်၊

အကြောင်းပြချက်မရှိဘဲ ကိုယ်အလေးချိန်တက်ခြင်း

ကိုယ်အလေးချိန် တက်လာပြီဆို နေ့စဥ်စားသုံးနေတဲ့ ပရိုတင်းပမာဏကို စစ်ဆေးရန် လိုအပ်ပါတယ်။ အစားအစာမှာ ပရိုတင်းဓာတ် များလွန်းတာက ကယ်လိုရီများစွာပါဝင်သောကြောင့် အချိုများများမစားဘဲနဲ့လည်း ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်၊

ဝမ်းချုပ်ခြင်း

ပရိုတင်းဓာတ်များလွန်းရင် ဝမ်းချုပ်နိုင်ပါတယ်။ ပရိုတင်းတွေကို အများကြီးစားပြီး ခန္ဓာကိုယ်ထဲက ကာဗိုဟိုက်ဒရိတ် ပမာဏကို လျှော့ချလိုက်တဲ့ အခါ ခန္ဓာကိုယ်ရဲ့ အမျှင်ဓာတ်ဟာလျော့နည်းသွားပါတယ်၊ အူလမ်းကြောင်းကျန်းမာဖို့အတွက် အမျှင်ဓာတ်ဟာ အရေးကြီးတဲ့အာဟာရတစ်ခု ဆိုတာ အားလုံးသိကြမှာပါ။ ဒါကြောင့် ဒီလိုဖြစ်နေရင် အစားအသောက် ပြောင်းစားကြည့်ပါ။

ရေဓာတ်ခန်းခြောက်ခြင်း

ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပြီးရင် အစာအိမ်ကျန်းမာဖို့အတွက် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ပရိုတင်းဓာတ်များလွန်းတာက ခန္ဓာကိုယ်အတွင်း ရေဓာတ်ကို ခန်းခြောက်စေပြီး မကြာခဏ ဆီးသွားဖို့ လိုအပ်နေတယ်လို့ ခံစားရနိုင်ပါတယ်။

ခံတွင်းနံ့ဆိုးခြင်း

ပရိုတင်းဓာတ်များလွန်းခြင်းရဲ့ နောက်ထပ်အဆိုးဆုံးအချက်ကတော့ ခံတွင်းနံ့ဆိုးခြင်းပါပဲ။ ဒီအခြေအနေကို Halitosis လို့လည်း ခေါ်ကြပြီး ဘယ်လိုမှ လျစ်လျူရှုလို့မရတဲ့ အရာတစ်ခုပါ။

စိတ်ရှုပ်နေမိခြင်း

ဒါက သေချာသတိထားသင့်တဲ့ အရာပါ။ စိတ်ရှည်သည်းခံမှုနည်းပြီး ဆိုးရွားတဲ့စိတ်တွေ အမြဲရှိနေရင် သင်စားပြီးသမျှကို ပြန်ပြီးအာရုံစိုက်စစ်ကြည့်ပါ။ ပရိုတင်းဓာတ်ကို အလွန်အကျွံစားသုံးခြင်းက နောက်ကွယ်က  အကြောင်းရင်းတစ်ခုလည်း  ဖြစ်နိုင်ပါတယ်။

ကိုလက်စထရောပမာဏ မြင့်တက်ခြင်း

ဒါဟာ ခန္ဓာကိုယ်မှာ သတိပြုသင့်တဲ့ အရေးကြီးတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ ပရိုတင်းကို အလွန်အကျွံစားခြင်းက ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောပမာဏကို မြင့်တက်စေပြီး အသက်ရှုမဝသလို ပင်ပန်းနွမ်းနယ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုခံစားရရင် အစားအသောက်ကို ပြောင်းလဲလိုက်ပါ။