လေ့ကျင့်ခန်းလုပ်တာဟာ အလှပအတွက်သာမကပဲ ကျန်းမာရေးအတွက်ပါအရေးပါလှပါတယ်။ ကျန်းမာရေးအတွက် လမ်းပုံမှန်လျှောက်တာ၊ ပြေးတာမျိုးလုပ်နိုင်ပေမယ့် ခန္ဓာကိုယ်အချိုးအစားကျစ်လျစ်လှပဖို့အတွက်ကတော့ ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးသင့်ပါတယ်။

ဒါပေမယ့် တချို့သူတွေကတော့ Gym သွားဖို့ တကူးအကအချိန်မပေးနိုင်ပါဘူး။ အချိန်ပေးနိုင်တယ်ဆိုရင်တောင် တချို့ Gym တွေက ဈေးကြီးပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် Gym သွားဖို့အချိန်မပေးနိုင်သူတွေအတွက် လေ့ကျင့်ခန်းကို မျှဝေပေးပါမယ်။ ဒီတခါတော့ တင်သားအတွက်လေ့ကျင့်ခန်းပါနော်။

၁။ အရင်ဆုံး လေးဖက်ထောက်နေပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို အနောက်ပစ်ပြီး တန်းတန်းကန်ပေးပါ။ပြီးရင် ခြေထောက်ကို အရှေ့ပြန်ပို့ပြီး ဒူးကို ရင်ဘတ်နားထိ ထိအောင်တိုက်ပါ။ မထိရင်လည်းရပါတယ်နော်။ အဲဒီအတိုင်း တစ်ဖက်ကို ၁၅ ကြိမ်လုပ်ပေးရပါမယ်။ ၄ ကြော့လုပ်ပေးပါ။

၂။ စောစောကလိုပဲ လေးဖက်ထောက်နေပါ။ ဒါပေမယ့် ခြေထောက်ကိုတန်းတန်းမကန်ဘဲ ကွေးပြီးအပေါ်ကို ပင့်ကန်ပေးရမှာပါ။ ပြီးရင် ဒူးကို အတွင်းဖက် ရင်ဘတ်နားထိထိအောင် ပြန်ပို့ပါ။ မထိရင်လည်းရပါတယ်။ စောစောကလိုပဲ တစ်ဖက်ကို ၁၅ ကြိမ် ၄ ကြော့ဆီလုပ်ပေးပါ။

၃။ အရင်ဆုံး ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထိကားပြီး မတ်မတ်ရပ်ပါ။ လက်နှစ်ဖက်ကို ခါးထောက်ထားပြီး အခုပုံမှာပြထားသလို ခြေထောက်တစ်ဖက်ကို အရှေ့လှမ်းပြီး ဒူးကွေးလိုက်ပါ။ နောက်တစ်ဖက်ကို ကြမ်းပြင်ကို ထိလုနီးပါးညွန့်ပေးပါ။ ဘယ်ညာနှစ်ဖက်လုံးလုပ်ပြီးရင် ၁ လို့မှတ်ပါ။ ၁၅ ကြိမ် ၄ ကြော့ဖြစ်ပါတယ်။

၄။ အရင်ဆုံး ပက်လက်လဲှပြီးအခုပုံမှာပြထားသလို ဒူးနှစ်ဖက် ထောင်ထားပါ။ ပြီးရင်လက်နှစ်ဖက်ကို ကြမ်းပြင်မှာ ဖြန့်ထားပြီး တင်နဲ့ ခန္ဓာကိုယ်အလည်ပိုင်းကို အပေါ်ကြွပါ။ ပြီးရင်အဲဒီအတိုင်း ၃ စက္ကန့်လောက်နေပြီး ပြန်ချပါ။ ၁၅ ကြိမ် ၄ ကြော့လုပ်ပေးရပါမယ်။

၅။ နံပါတ် ၄ လေ့ကျင့်ခန်းလိုပါပဲ။ အရင်ဆုံးကျောလှဲနေပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို အပေါ်တန်းတန်းမြောက်လိုက်ပါ။ ပြီးရင်စောစောကလိုပဲ တင်နဲ့ ခန္ဓာကိုယ်အလည်ပိုင်းကို ကြွပေးပါ။ အဲဒီနောက် အဲဒီအတိုင်း ၃ စက္ကန့်လောက်နေပါ။ တစ်ဖက်ကို ၁၅ ကြိမ် ၄ ကြော့လုပ်ပေးရပါမယ်။