မျက်နှာအသားအရေလေး နုပျိုစိုပြေနေစေဖို့အတွက် နည်းလမ်းကောင်းလေးတစ်ခုကို လက်ဆင့်ကမ်းမျှဝေချင်ပါတယ်။ အဆီပြန်တဲ့သူတွေအတွက်လည်း ကောင်းမွန်သလို ပေါင်းစပ်အသားအရေနဲ့ သာမန်အသားအရေရှိသူတွေအတွက်လည်း သင့်တော်ပါတယ်။ အရေးကြောင်းတွေကို သိသိသာသာ ဖယ်ရှားပေးနိုင်ပြီး မျက်နှာအသားအရေလေးကို နုပျိုစိုပြေစေမှာပါ။

ပါဝင်ပစ္စည်း

ကြက်ဥအကာ ၁ လုံး

သံပုယိုရည် လက်ဖက်ရည်ဇွန်းတစ်ဝက် (သံပုရာရည်ကိုလည်း အသုံးပြုပေးနိုင်ပါတယ်။)

ပြုလုပ်နည်း

ကြက်ဥတစ်လုံးကိုခွဲလိုက်ပြီး အကာကိုပဲယူပါ။ ပြီးရင်ခွက်တစ်လုံးထဲထည့်ပြီး သေချာခလောက်လိုက်ပါ။ အဲဒီနောက် သံပုယိုရည်ထည့်ပေးလိုက်ပါ။

ပြီးရင် သေချာမွှေပေးပြီး မျက်နှာနဲ့လည်ပင်နားတစ်ဝိုက်ကို သေချာလိမ်းလိုက်ပါ။ မလိမ်းခင်မှာ လက်လေးတွေကို သေချာသန့်နေအောင်ဆေးထားဖို့လိုပါတယ်နော်။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ရေနွေးလေးနဲ့ ဆေးချပေးပါ။ အဲဒီနောက် တဘက်နဲ့ ခြောက်အောင်သုတ်ပြီး Moisturizer လိမ်းပေးကာ အိပ်ယာဝင်ပေးပါ။

တစ်ပတ်ကို ၃ ကြိမ် လောက်လုပ်ပေးလို့ရပါတယ်။ အရေးကြီးဆုံးကတော့ စိတ်ဖိစီးမှုကို တတ်နိုင်သမျှရှောင်ပါ။ များများရယ်ပါ။ အသီးအရွက်များများစား ရေများများသောက်ပါ။ အကောင်းဘက်က တွေးပါ။ အိပ်ရေးဝအောင်အိပ်ပါ။