မင်္ဂလာပါနော်။ ဒီတခါမှာတော့ ဗိုက်သား၊ တင်သားနဲ့ ပေါင်သားကအဆီတွေကို ကျစေမယ့်လေ့ကျင့်ခန်းတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

ဗိုက်သား၊ တင်သားနဲ့ ပေါင်သားကအဆီတွေကျပြီး ကျစ်လျစ်လှပစေမယ့် လေ့ကျင့်ခန်းတွေ

ဗိုက်ချပ်စေမယ့်လေ့ကျင့်ခန်း

၁။ အရင်ဆုံးဒူးနှစ်ဖက်ထောင်ထားပြီး ပက်လက်လှဲနေပါ။ ပြီးရင် ခန္ဓာကိုယ်အပေါ်ပိုင်းကိုကြွပေးပါ။ ထတော့မယ့်အချိန်မှာ အရင်ဆုံး အသက်ရှူထားပြီး ထလိုက်တဲ့အချိန်မှာ အသက်ပြန်ရှူထုတ်ပါ။ အဲဒီအတိုင်း ၁၀ ကြိမ် ၄ ကြော့လုပ်ပေးရပါမယ်။လုပ်နိုင်သွားပြီဆိုရင် နောက်ပိုင်းအကြိမ်အရေတွက်တိုးပြီးလုပ်သွားပေးပါ။

၂။ စောစောကလိုပဲ ပက်လက်လှဲနေပေးပါ။ လက်နှစ်ဖက်ကို ကြမ်းပြင်မှာချထားတာပဲဖြစ်ဖြစ်၊ တင်အောက်မှာထားထားတာပဲဖြစ်ဖြစ် အဆင်ပြေသလိုထားနိုင်ပါတယ်။ ပြီးရင် ခြေထောက်နှစ်ဖက်ကို မြင့်နိုင်သလောက်ခပ်မြင့်မြင့်လေးမတင်ပေးပါ။ ပြန်ချတဲ့အချိန်မှာ ကြမ်းပြင်မထိရပါဘူးနော်။ ခြေထောက်မ မတင်ခင်မှာ အရင်ဆုံးအသက်ရှူထားပြီး မတင်လိုက်တဲ့အချိန်မှာ အသက်ပြန်ရှူထုတ်ပေးပါ။ အဲဒီအတိုင်း ၁၀ ကြိမ် ၄ ကြော့လုပ်ပေးပါ။

၃။ ကျောလှဲနေပေးပါ။ လက်နှစ်ဖက်ကို ခေါင်းနောက်မှာ ကပ်ပေးထားပါ။ ဒူးတစ်ဖက်မြောက်ပြီးဆန့်ကျင်ဘက်တဒေါင်နဲ့ ထိပေးပါ။ နောက်တစ်ဖက်ပြောင်းပါ။ ခပ်မြန်မြန်လေးလုပ်ပေးပါ။ ၁၀ ကြိမ် ၄ ကြော့ပါနော်။ ခြေထောက်နှစ်ဖက်လုံးကို ကြမ်းပြင်နဲ့မထိရပါဘူးနော်။

ပေါင်သားနဲ့ တင်သားလှဖို့

၁။ အရင်ဆုံးမတ်တပ်ရပ်နေပါမယ်။ ပြီးရင်ခြေထောက်တစ်ဖက်ဆီကိုနောက်ဆုတ်၊ ဒူးထောက်ပြီး ခုန်ပေးရပါမယ်။ စလုပ်တဲ့သူတွေက ခြေထောက်တစ်ဖက်ချင်းကို ဖြည်းဖြည်းချင်း ဆုတ်ပြီးလုပ်လည်းရပါတယ်။ ၁၀ ကြိမ် ၄ ကြော့ပါ။

၂။ အရင်ဆုံးလေးဖက်ထောက်လိုပ်ပါ။ ပြီးရင်ခြေထောက်တစ်ဖက်ကို ဘေးဖက် ကန်နိုင်သလောက်မြင့်မြင့်ကန်ပေးပြီး ပြန်ချပါ။ အဲဒီအတိုင်း ၁၀ ကြိမ် ၄ ကြော့ဖြစ်ပါတယ်။

၃။ ဒီလေ့ကျင့်ခန်းကတော့ အရင်ဆုံး ခါးမတ်မတ်ထားပြီး လက်နှစ်ဖက်ကို စုထားပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကိုကားထားပါ။ ဘယ်ခြေထောက်က ညာဖက်ခြေထောက်နောက်ကိုထိုး ပြီးရင် အရင်အတိုင်းပြန်ထား။ ညာခြေထောက်က ဘယ်ဖက်ခြေထောက်နောက်ကို ထိုးပြီးလုပ်ပေးပါ။ ခြေထောက်ကို အနောက်ဖက်ချတဲ့အချိန်မှာ ကြမ်းပြင်နဲ့ မထိအောင် လုပ်ပေးရပါမယ်။