Plank ထောက်တာ ဘယ်လောက်ခက်တယ်ဆိုတာ Gym ဆော့တဲ့သူတွေဆိုသိပါတယ်နော်။ Plank ထောက်တော့မယ်ဆိုရင်တော့ ဒီအချက်လေးတွေကို သတိထားသင့်ပါတယ်။

ဒီလေ့ကျင့်ခန်းက ကြာကြာနေဖို့ ခက်ခဲပြီး အားစိုက်လုပ်ရတဲ့ လေ့ကျင့်ခန်းပါ။ နောက်ပိုင်း အကျင့်ရသွားရင်တော့ အဆင်ပြေသွားမှာပါ။

သင့်ခန္ဓာကိုယ်အချိုးအစား သွယ်လျစေဖို့နဲ့ ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ ဒီလေ့ကျင့်ခန်းက လက်ကကြွက်သားအတွက်ရော ခါးအတွက်ရော ပေါင်းသား တင်သား အတွက်ရော ခန္ဓာကိုယ်တစ်ခုလုံးအတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းပါ။

Plank ထောက်ရင် အနေထားမှန်မှန် ထောက်ဖို့လိုပါတယ်။

လေ့ကျင့်ခန်းတိုင်းမှာ သူ့အနေအထားနဲ့သူ မှန်မှန်ကစားပေးမှ အကျိုးရှိတာပါ။ Plank ထောက်မယ်ဆိုရင်တော့ သင့်ရဲ့ ခန္ဓာကိုယ်ဟာ တပြေးညီဖြစ်နေသင့်ပါတယ်။ တင်ကအပေါ် ထောင်နေတာမျိုး၊ တင်က အောက်ဘက်ကို စိုက်ထားတာမျိုး၊ ခေါင်းက အပေါ် မော့နေတာမျိုးမလုပ်ရပါဘူး။

ခြေထောက်ကနေ ခန္ဓာကိုယ်အပေါ်ပိုင်းထိ တဖြောင့်တည်းရှိနေရမှာဖြစ်ပြီး ခေါင်းကိုလည်း အောက်ဘက်ပဲ တည့်တည်းထားထားရမှာပါ။

လက်တဒေါင်ဆစ်ကလည်း ၉၀ ဒီဂရီတဖြောင့်တည်း ဖြစ်ရမှာပါ။ ခြေချောင်းလေးတွေကို ကြမ်းပြင်ကို ထိထားရပါမယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ခြေချောင်းနဲ့ လက်တဒေါင်ကို အားပြုပြီး ထိန်းထားတာပါ။

အသက်မှန်မှန်ရှူဖို့လိုတယ်

Plank ထောက်ထားတဲ့အချိန်မှာ အသက်အောင့်ထားမျိုး အသက်ကို ခပ်မြန်မြန်ရှူတာမျိုး မလုပ်ရပါဘူး။ အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန် ရှူဖို့လိုပါတယ်။ ဒါမှ ပိုပြီး ထိရောက်မှာပါ။

ဘယ်လောက်ကြာကြာထောက်မလဲ

စစ လုပ်တဲ့သူတွေအနေနဲ့ကတော့ Plank တစ်ခါထောက် စက္ကန့် ၂၀ လောက်ထောက်ပေးပါ။ စက္ကန့် ၂၀ ကို ၄ ကြိမ် (သို့) ၅ ကြိမ် ထောက်ပေးသင့် ပါတယ်။ နောက်ပိုင်း ကိုယ်လုပ်နိုင်သလောက် စက္ကန့်တွေကို တိုးတိုးပြီး ထောက်ပေးသွားရမှာပါ။