အထိရောက်ဆုံးနှင့် အရာရောက်ဆုံးသော လေ့ကျင့်ခန်းတစ်ခုဖြစ်သည့် ကြိုးခုန်ခြင်းသည် ပစ္စည်းအကူအညီမြောက်မြားစွာ မလိုအပ်ပဲ ကယ်လိုရီအများအပြားကို အချိန်တိုအတွင်း လောင်ကျွမ်းစေသည့်အတွက် လူအများစု ကျယ်ပြန့်စွာလုပ်ဆောင်နေလျက်ရှိပါတယ်။ မည်သည့်နေရာသွားသွား ကြိုးခုန်ကြိုးရှိရုံဖြင့် အခက်အခဲမရှိပြုလုပ်နိုင်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ကျစ်လျစ်သန်မာသည့် ကိုယ်ခန္ဓာတစ်ခုကို ရရှိနိုင်မှာဖြစ်ပါတယ်။

ထို့ကြောင့် ကြိုးခုန်ခြင်းက ပေးစွမ်းနိုင်သည့် ကောင်းကျိုးများကို သိရှိနိုင်ရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်။

၁။ နှလုံးဆိုင်ရာကျန်းမာရေး

နှလုံးခုန်နှုန်းကို လျင်မြန်စွာမြင့်တက်ရန်အတွက် အထူးကောင်းမွန်သည့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး တစ်မိနစ်တွင် ကယ်လိုရီပမာဏ ၁၀ ခန့်ကိုလောင်ကျွမ်းစေနိုင်ပါတယ်။

၂။ ခွန်အားတည်ဆောက်ပေးခြင်း

နှလုံးအတွက်သာကောင်းမွန်သည်မဟုတ်ဘဲ တင်ပါးဆုံ၊ တံကောက်ကြော နှင့် လက်ဖျံ စသည့်အဓိကကြွက်သားအုပ်စုများကိုပါ တင်းတင်းရင်းရင်းနှင့် သန်မာမှုရှိလာစေနိုင်ပါတယ်။

၃။ နေရာမရွေးလုပ်ဆောင်နိုင်ခြင်း

မည်သည့်အချိန်၊ နေရာမရွေးလုပ်ဆောင်နိုင်သည့် အားကစားတစ်မျိုးဖြစ်သည့်အတွက် အိမ်ပြင်တွင်ဖြစ်စေ၊ ဂိုဒေါင်၊ မီးဖိုချောင်တို့တွင်ဖြစ်စေ ကြိုးခုန်ရန်နေရာလုံလုံလောက်လောက်ရှိသည်နှင့် အခက်အခဲမရှိ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၄။ ရိုးရှင်သော်လည်း ထိရောက်မှုရှိခြင်း

ရှုပ်ထွေးနက်နဲသော မည်သည့်လှုပ်ရှားမှုပုံစံတစုံတရာမရှိဘဲ လက်ကောက်ဝတ်ကိုလှုပ်ရှား၍ ခုန်လိုက်ခြင်းဖြင့် လေ့ကျင့်ခန်းတစ်ခုဖြစ်သွားသောကြောင့် လူတိုင်းအတွက်သင့်တော်သည့် အားကစားတစ်ခုလို့ပြောနိုင်ပါတယ်။

၅။ ကိုယ်ခန္ဓာတစ်ခုလုံးကိုလေ့ကျင့်ခန်းအပြည့်လုပ်နိုင်ခြင်း

လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ကိုယ်ခန္ဓာတစ်ခုလုံးကိုအသုံးပြုခြင်းသည် တစ်ခုချင်းစီကိုလိုက်၍ လုပ်နေရမည့်အစား အချိန်ကုန်လည်းသက်သာကာ တစ်ခါတည်းနှင့် ကြွက်သားများကို ထိရောက်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

၆။ ငွေကုန်ကြေးကျသက်သာခြင်း

ကြိုးခုန်ရာတွင်အသုံးပြုသည့် ကြိုးသည် ဈေးကြီးပေးမဝယ်ရသည့် အားကစားပစ္စည်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဝေးဝေးလံလံသွားစရာမလိုဘဲ အိမ်အနီးအနားတွင် အလွယ်တကူဝယ်ယူနိုင်မှာဖြစ်ပါတယ်။