မြန်မာလူမျိုးတို့က ဆန်ကို အဓိက စားသုံးကြတာဆိုတော့ ဆန်က အိမ်တိုင်းမှာ အလွယ်တကူ ရရှိနိုင်တာမို့ ဆန်ကို အလှအပအတွက် ဘယ်လိုအသုံးပြုရမလဲဆိုတာ မျှဝေပေးပါမယ်။ မျက်နှာအလှအပအတွက် ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေအစား သဘာဝနည်းလမ်းလေးတွေကို အသုံးပြုလိုက်ကြရအောင်ပါ။

ဆန်ဟာ ကျွန်မတို့ကို အဟာရပြည့်ဝစေရုံသာမက အသားအရေ ကြည်လင်စိုပြေပြီး ဖြူဝင်းစေဖို့ အသုံးပြုနိုင်ပါတယ်။ အသားအရေပေါ်က အမည်းစက်တွေ အဆီတွေကို သန့်စင်ပေးပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ အသားအရေ မညီတာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်း

ဆန် ၁ ခွက်

နို့ ခွက်တစ်ဝက် (နို့အကျက်ပဲဖြစ်ဖြစ် အစိမ်းပဲဖြစ်ဖြစ် ရပါတယ်နော်)

ပြုလုပ်နည်း

ဆန်ကို ညလုံးပေါက်ရေစိမ်ထားပြီး မနက်မိုးလင်းရင် အမှုန့်ဖြစ်အောင်ထောင်း (သို့) ကြိတ်လိုက်ပါ။ ပြီးရင် နွားနို့ထည့်လိုက်ပြီး သေချာမွှေပေးပါ။ အရင်ဆုံး မျက်နှာကို စင်အောင်သစ်ပြီး အခုလုပ်ထားတဲ့ ဆန်မှုန့် နဲ့နွားနို့အရောကို မျက်နှာ နဲ့ လည်ပင်း ပေါ်လိမ်းပေးပါ။၂ မိနစ်လောက် ညှင်သာစွာပွတ်ပြီး လိမ်းပေးရမှာပါနော်။ ဆန်မှုန့်ကိုပါ ပါအောင်လိမ်းပေးပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပါ။

အဲဒီနောက် ရေအေးအေးလေးနဲ့ဆေးချပြီး Moisturizer လိမ်းပေးထားပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။ ညအိပ်ယာမဝင်ခင် အခုလိုမျိုးလုပ်ပေးရင် ပိုပြီးအကျိုးထူးပါတယ်။၂ ပတ်လောက်ဆိုရင် အသားအရေ သိသိသာသာ ကောင်းမွန်လာတာတွေ့ရမှာပါနော်။ အသားအရေကို ချေမွတ် နူးညံ့လာမှာဖြစ်ပါတယ်နော်။