မျက်ကွင်းညိုတာဟာ တကယ်တော့ စိတ်အနှောင့်ယှက်ဖြစ်စရာကောင်းလှပါတယ်။ Concealer နဲ့ မျက်ကွင်းညိုတာကို ဖုံးကွယ်ဖို့ကြိုးစားပေမယ့် တကယ်တမ်းတော့ အလုပ်မဖြစ်ပါဘူး။

မျက်ကွင်းညိုရင် သင့်ကို ပင်ပန်းနွမ်းနယ်သလို ထင်ရစေပါတယ်။ ဒါ့ကြောင့် မျက်ကွင်းညိုလို့ စိတ်ညစ်နေတဲ့သူတွေအတွက် နည်းလမ်းကောင်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ သင့်အသားအရောင်ကို ပြန်ပြီးဖြူဝင်းစေဖို့ ကူညီပေးပါတယ်။ ခရမ်းချဉ်သီးကို အရည်ညှစ်ပြီး မျက်ကွင်းနားမှာ ၁၀ မိနစ်လောက် လိမ်းထားလိုက်ပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးချပါ။

လက်ဖက်ထုပ်

လက်ဖက်ထုပ်မှာလည်း မျက်ကွင်းညိုတာနဲ့ မျက်လုံးဖောင်းတာတွေကို သက်သာပျောက်ကင်းစေတဲ့ Antioxidant တွေကြွယ်ဝစွာပါဝင်တာမို့ မျက်ကွင်းညိုတဲ့သူတွေ မေ့လို့မဖြစ်တဲ့ အရာပါပဲ။

ရေနွေးတစ်ခွက်ထဲကို လက်ဖက်အိတ်ထည့်ထားလိုက်ပါ။ ၅ မိနစ်လောက်ထားပြီ ပြန်ထုတ်လိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲကို ၅ မိနစ်လောက် ပြန်ထည့်ထားလိုက်ပါ။ အေးသွားရင် မျက်ကွင်းနားမှာ ကပ်ထားပြီး ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပါ။

နှိပ်ပေးပါ

မျက်ကွင်းနားမှာ Moisturizer နည်းနည်းလိမ်းပေးပြီး လက်ချောင်းလေးနဲ့ ညင်သာစွာနှိပ်ပေးလိုက်ပါ။ ၂ မိနစ် ၃ မိနစ်လောက် နှိပ်ပေးရပါမယ်။ မျက်ခွံအပေါ်ကိုတော့ မနှိပ်ပါနဲ့။ အဲဒီလိုလုပ်ပေးတာကလည်း မျက်ကွင်းညိုတာကို ထိရောက်စွာ သက်သာပျောက်ကင်းစေပါတယ်။

သခွားသီး

သခွားသီးကလည်း မျက်ကွင်းညိုတာကိုသက်သာစေတယ်ဆိုတာ သိပြီးသားဖြစ်မှာပါနော်။ သခွားသီးကို ပါးပါးလှီးပြီး မျက်ကွင်းနားမှာ ကပ်ပေးလိုက်ပါ။ အဲဒီလိုမကပ်ခင်မှာသခွားသီးကို ရေခဲသေတ္တာထဲ မိနစ် ၃၀ လောက်ထည့်ထားပါ။ ပြီးမှ ပါးပါးလှီးပြီး မျက်ကွင်းနားမှာ ၁၀ မိနစ် ၁၅ မိနစ်လောက် ကပ်ပေးရမှာပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ မျက်နှာသစ်ချလိုက်ပါ။