အလှအပဆိုတာ လူတိုင်း မြတ်နိုးကြတဲ့ အရာတစ်ခုပါ။ မိန်းကလေးပဲ ဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် လှချင်ကြတာပါပဲ။ MyHealth Myanmar က စာဖတ်သူတွေကိုလည်း ပိုပိုပြီးလှသွားစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးနေပါတယ်နော်။ ဒီတခါမှာလည်း စာဖတ်သူတို့ကို ပိုပိုပြီးလှသွား စေမယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

အသားအရေ ထိန်းသိမ်းမယ်

နွေရာသီပဲဖြစ်ဖြစ်၊ မိုးတွင်းပဲဖြစ်ဖြစ် ဆောင်းတွင်းပဲဖြစ်ဖြစ် အသားအရေကို ထိန်းသိမ်းဖို့လိုပါတယ်။ ရေချိုးချိုးပြီးချင်း ခန္ဓာကိုယ်တစ်ခုလုံးကို Lotion လိမ်းပေးမယ်ဆိုရင် အသားအရေ စိုပြေစေမှာဖြစ်ပါတယ်။ အပြင်မထွက်ခင်မှာဆိုရင်လည်းနေလောင်ဒဏ်ကာကွယ်ပေးတဲ့ ခရင်မ်တွေ လိမ်းပေးသင့်ပါတယ်။

မျက်လုံးနားတဝိုက်က အသားအရေကို ဂရုစိုက်ပါ

သင့်မျက်လုံးနားတစ်ဝိုက်က အသားအရေ တင်းရစ်နေစေဖို့အတွက် မျက်လုံးနားမှာ လိမ်းထားတဲ့ Mascara တွေ ရှဲဒိုးတွေ၊ Liner တွေကို သေချာဖျက်ပေးသင့်ပါတယ်။ ပြီးရင် လုံး၀ စင်စင်ပြောင်သွားအောင် မျက်နှာသစ်ပေးပြီး မျက်လုံးနားမှာ ခရင်မ်တမျိုးမျိုး ပါးပါးပုတ်လိမ်းပေးပါ။

မျက်နှာသေချာသစ်ပါ

တစ်နေ့ကို မျက်နှာ အနည်းဆုံး ၂ ကြိမ်သစ်သင့်ပါတယ်။ မနက်မိုးလင်းရင် မျက်ကွင်းညိုတာ မျက်လုံးအိတ်ဖောင်းတာမျိုး မဖြစ်စေဖို့အတွက် မျက်လုံးကိုရေအေးအေးနဲ့ ဆေးချတာမျိုး (သို့) ရေခဲတုံးနဲ့ မျက်လုံးအောက်နားမှာ ကပ်ပေးတာမျိုး လုပ်ပေးရပါမယ်။

ချွေးပေါက်ကျဉ်းစေဖို့

သင့်ကို ပိုပြီး လှပသွားစေမယ့် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေ

ချွေးပေါက်ကျယ်တဲ့သူတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကို ထပ်ပြီးပြောပြပေးမယ်နော်။ အရင်ဆုံး မျက်နှာကို ရေနွေးနွေးလေးနဲ့ အရင်ဆေးချပါ။ ပြီးရင် မျက်နှာသစ်ဆပ်ပြာနဲ့ သေချာပွတ်ပေးပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ ဆေးချလိုက်ပြီး ရေခဲတုံးနဲ့ ပွတ်ပေးပါ။ ချွေးပေါက်ကျဉ်းစေမှာဖြစ်သလို ဆားဝက်ခြံဖြစ်တာတွေလည်း သိသိသာသာလျှော့သွားမှာပါနော်။

ခြေထောက်လေးတွေကိုလည်း ဂရုစိုက်ပါ

မျက်နှာကိုပဲ ဂရုစိုက်နေလို့မရပါဘူးနော်။ ခြေဖဝါးလေးတွေ နူးအိနေစေဖို့အတွက်နဲ့ ခြေဖနောင့်ကွဲတာသက်သာစေဖို့အတွက် ညအိပ်ယာမဝင်ခင်မှာ အဆီတမျိုးမျိုးလိမ်းပေးသင့်ပါတယ်။ အခုလို မလိမ်းခင် ခြေထောက်ကို ရေသေချာဆေးပြီး ချေးတွန်းပေးထားဖို့လိုတယ်နော်။ ပြီးမှာ အဆီတမျိုးမျိုး လိမ်းပြီး အိပ်ပေးနော်။

နှုတ်ခမ်းသား

နှုတ်ခမ်းဆိုတာ ဆွဲဆောင်မှုအရှိဆုံးအရာတစ်ခုပါပဲ။ အပြင်ကပြန်လာရင် နှုတ်ခမ်းနီကို သေချာဖျက်ပေးလိုက်ပါနော်။ ပြီးရင် ပျားရည်၊ သကြားနဲ့ အုန်းဆီ ရောပြီး ၅ မိနစ်လောက် နှုတ်ခမ်းကို ပွတ်ပေးလိုက်ပါ။ အဲဒီနောက် ရေဆေးချလိုက်ပါနော်။

မျက်တောင်မွှေးရှည်ဖို့

အခုနောက်ဆုံး ပြောပြပေးမှာကတော့ မျက်တောင်မွှေးရှည်ရှည်လေးဖြစ်ဖို့နည်းလမ်းပါပဲ။ မျက်တောင်မွှေးဆိုတာလည်း အလှတရားတစ်ခုပဲလေ။ ဗီတာမင် E အဆီ၊ ကြက်ဆူဆီနဲ့ အုန်းဆီကို ဆတူရောပြီး ဘူးအလွတ်တစ်ခုထဲထည့်ထားပါ။ မျက်တောင်ကော့တံ ဘူးအလွတ်ထဲထည့်ပေးရင် ပိုအဆင်ပြေပါတယ်။ ပြီးရင် အဲဒီမျက်တောင်ကော့တံနဲ့ မျက်တောင်မွှေးတွေကို ကော့ပေးရမှာပါ။ မျက်လုံးထဲ မဝင်အောင် ဂရုစိုက်လုပ်ပေးရမယ်နော်။ အိပ်ယာမဝင်ခင်လုပ်ပေးရမှာဖြစ်ပါတယ်။

ဒီနေ့တော့ ဒီလောက်ပဲနော်။ စာဖတ်သူတို့အားလုံး လှသထက်လှနိုင်ကြပါစေရှင့်။