ဝက်ခြံပြဿနာဟာ လူငယ်အများစု ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တတ်ပြီး ဝက်ခြံပျောက်သွားရင် အမာရွတ်လေးတွေ ကျန်ရစ်ခဲ့တတ်ပါတယ်။ ဒါ့အပြင် မျက်နှာပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရစ်တတ်တဲ့ အမာရွတ်တွေနဲ့ အမည်းစက်တွေကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းတွေကိုမျှဝေပေးချင်ပါတယ်။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ဟာ အလှပအတွက်ရော ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးများတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ တချို့အိမ်တွေမှာ စိုက်ထားကြပါတယ်နော်။ တကယ်လို့ စိုက်ထားတာမရှိရင်လည်း အလှကုန်ပစ္စည်းဆိုင်တွေမှာ ရှာဝယ်လို့ရပါတယ်။

ရှားစောင်းလက်ပက်ကို ညဖက် အိပ်ယာမဝင်ခင် မျက်နှာကိုသေချာသစ်ပြီး လိမ်းပေးထားပါ။ ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။ညတိုင်း ပုံမှန်လုပ်ပေးမယ်ဆိုရင် အမာရွတ်တွေရော အမည်းစက်တွေပါ လျော့ပါးသက်သာလာတာတွေ့ရမှာပါ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ Beta-Carotenes ပါဝင်ပြီး သင့်အသားအရေအတွက် ကောင်းမွန်ပါတယ်။ ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ ၁၀ မိနစ် မိနစ် ၂၀ လောက် ကပ်ပေးထားပါ။ ပြီးရင် ရေသေချာဆေးချလိုက်ပါ။ ညအိပ်ယာမဝင်ခင်လုပ်ပေးတာပိုပြီး ကောင်းပါတယ်။

ပျားရည်

ပျားရည်ဟာ အသားအရေကို ပြန်ပြီးနုပျိုစိုပြေစေပါတယ်။ အဆီပြန်တဲ့အသားအရေဆိုရင် ကြက်ဥအနှစ်နဲ့ ရောပြီးလုပ်ပေးနိုင်ပါတယ်။ ကြက်ဥအနှစ်တစ်လုံးနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းရောပြီး မျက်နှာပေါ်လိမ်းပေးထားပါ။ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပါ။ ပြောင်အောင်သေချာဆေးပါ။ အဆီမပြန်ဘူးဆိုရင်တော့ ပျားရည်ပဲသတ်သတ်လိမ်းပေးလို့ရပါတယ်။