ခရမ်းချဉ်သီးမှာ အသားအရေအတွက် အကျိုးကျေးဇူးများတဲ့ Antioxidant တွေပါဝင်ပါတယ်။ အသားအရေ အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးရုံသာမက အရေပြားကင်ဆာဖြစ်ပွားခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ခရမ်းချဉ်သီးစားရင် အသားအရေလှတယ်ဆိုတာ ပျိုမေတို့ရဲ့ နှုတ်ဖျားတိုင်းမှာ ပြောစမှတ်ပြုနေခဲ့တာပါ။

ဝက်ခြံအတွက်

ခရမ်းချဉ်သီးကို ဝက်ခြံတွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်တွေသက်သာစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။ မျက်နှာကို သေချာသစ်ပြီး ခရမ်းချဉ်သီးနဲ့ ပွတ်လိမ်းပေးကာ ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် မျက်နှာသစ်ချလိုက်ပါ။ ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားအရေလေး ပိုကြည်လင်လို့ လှပလာမှာဖြစ်ပါတယ်။

ခရမ်းချဉ်သီးအနှစ်နဲ့ မျက်နှာသစ်မယ်

ခရမ်းချဉ်သီးကိုအရည်ညှစ်ပြီး စားပွဲတင်ဇွန်း ၁ ဇွန်းလောက်ကို ခွက်တစ်လုံးထဲထည့်ပါ။ ပြီးရင် သံပုရာသီး (သို့) သံပုယိုသီးကိုအရည်ညှစ်ပြီး နည်းနည်းထည့်ပါ။ အဲဒီနောက် ဝါဂွမ်းစနဲ့ မျက်နှာဝက်ခြံဖြစ်နေတဲ့နားကို တို့လိမ်းပေးပြီး ၅ မိနစ်လောက်ထားပါ။ ပြီးရင် ရေနွေးနဲ့ ဆေးချပါ။

အရေးကြောင်းသက်သာစေဖို့

အသားအရေကို အောက်ဆီဂျင်ဓါတ်ပေးနိုင်ပြီး အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ပေးပါတယ်။

ခရမ်းချဉ်သီး ၁ လုံး၊ ထောပတ်သီးမှည့် ၁ လုံးကို ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ် ၂၀ကနေ ၃၀ ထိထားပါ။ အဲဒီနောက် ရေနွေးလေးနဲ့ မျက်နှာသစ်ပြီး မျက်နှာကိုသေချာသုတ်ပေးပါ။ တစ်ပတ်ကို ၁ ကြိမ်လုပ်ပေးပါ။