ကိုယ်ဝန်ဆောင်မိခင်တွေပဲဖြစ်ဖြစ်၊ အားကစားလုပ်တတ်တဲ့သူတွေပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးနေတဲ့သူတွေပဲဖြစ်ဖြစ် အကြောပြတ်တာမျိုး ဖြစ်တတ်ပါတယ်။ အကြောပြတ်တာဟာ အင်္ကျီ အဝတ်အစားတွေနဲ့ ဖုံးကွယ်ထားနိုင်တယ်ဆိုပေမယ့်လည်း တချို့ အလှပကြိုက်တဲ့ သူတွေအတွက်တော့ စိတ်ရှုပ်ထွေးစရာပါပဲ။ ဒါ့ကြောင့် နည်းလမ်းကောင်းလေးကို မျှဝေပေးချင်ပါတယ်။

ဘာလို့ အကြောပြတ်ရသလဲ

ကိုယ်အလေးချိန် ရုတ်တရက် ကျသွားတာ၊ တက်လာတာမျိုးဆိုရင် ဖြစ်တတ်သလို ဟော်မုန်းမညီတာတွေကလည်း ဖြစ်တတ်ပါတယ်။

အများအားဖြင့် အဆီများတဲ့နေရာတွေ တင်ပါး၊ ဝမ်းဗိုက်၊ ရင်သား၊ လက်နဲ့ ပေါင်သားတွေမှာ အဖြစ်များပါတယ်။

ဘယ်လို ဖြေရှင်းမလဲ

ဈေးကွက်မှာ အလွယ်တကူဝယ်လို့ရတဲ့ ဈေးကြီးကြီးပေးရတဲ့ ခရင်မ်တွေကို ခဏမေ့ထားပြီး သဘာဝအတိုင်း လုပ်ဆောင်ရအောင်ပါ။

၁။ ကြက်ဆူဆီ

ကြက်ဆူဆီကို ဝါဂွမ်းစနဲ့တို့ပြီး အကြောပြတ်နေတဲ့ အမာရွတ်နေမှာ လိမ်းပေးပါ။ ရေချိုးပြီးရင် လိမ်းပေးထားပါ။ နေ့စဉ်လုပ်ပေးမယ်ဆိုရင် ၁ လလောက်အတွင်း သိသာလာမှာဖြစ်ပါတယ်။

ကြက်ဆူဆီဟာ အကြောပြတ်တဲ့ အမာရွတ်တွေကို သက်သာစေပါတယ်။ သူ့မှာ fatty acid ပါဝင်ပြီး အသားအရေကို အားဖြည့်ပေးသလိုရေဓာတ် ဖြည့်တင်းပေးနိုင်ပါတယ်။ ဝက်ခြံနဲ့ အသားအရေ အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၂။ အုန်းဆီ

အုန်းဆီကို ဆံကေသာအတွက်ပဲအသုံးပြုလို့ရတယ်လို့မထင်ပါနဲ့နော်။ အကြောပြတ်တဲ့ အမာရွတ်တွေကို သက်သာစေပါတယ်။

ရေချိုးပြီးရင် အုန်းဆီကို အကြောပြတ်တဲ့နေရာမှာ စိမ့်ဝင်သွားအောင်လိမ်းပေးပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်လိမ်းပေးရင် တစ်လလောက်ဆို သိသာလာမှာပါနော်။

၃။ ဗီတာမင် E အဆီ

ဗီတာမင် E အဆီကိုလည်း ရေချိုးပြီးတိုင်း အသားထဲ စိမ့်ဝင်သွားအောင်လိမ်းပေးလိုက်ပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ်ပုံမှန်လိမ်းပေးပါ။ ရက် ၃၀ တိတိ မပျက်မကွက်လိမ်းပေးရပါမယ်။ ပျောက်သွားရင်လည်း ဆက်လိမ်းပေးရမယ်နော်။ အမာရွတ်တွေကို တဖြည်းဖြည်း အရောင်လျှော့လာစေမှာ ဖြစ်ပါတယ်။