ကြက်ဥကတော့ အိမ်တိုင်းအိမ်တိုင်းမှာရှိမယ်လို့ မျှော်လင့်ပါတယ်။ ကြက်ဥကြော်စားမယ်ဆိုရင် ကြက်ဥအကာလေးကို နည်းနည်းဖယ်ပြီး မျက်နှာအလှအတွက် အသုံးပြုလိုက်ရအောင်ပါ။

ဝက်ခြံတွေ၊ နေလောင်ကွက်တွေ အမည်းစက်တွေ၊ ချွေးပေါက်တွေ၊ ဆားဝက်ခြံတွေက အလှအပကြိုက်တဲ့ မိန်းကလေး ယောင်္ကျားလေးတို့အတွက် ရန်သူပါပဲ။ အခုလို ပြဿနာတွေကို ဖယ်ရှားပေးမယ့် နည်းလမ်းကောင်းတစ်ခုကို စာဖတ်သူတို့သိပြီးပြီလား။ ကြက်ဥအကာ နဲ့ အကောင်းဆုံး စတင်လိုက်ရအောင်။

ကြက်ဥမှာ အသားအရေအလှအပအတွက် များစွာအသုံးဝင်တဲ့ ပရိုတင်းနဲ့ Collagen တွေပါဝင်ပြီး အသားအရေ ရောင်ရမ်းခြင်းကို ကာကွယ်ပေးသလို အရေးကြောင်းနဲ့ အစင်းကြောင်းတွေကို သက်သာစေပါတယ်။ အသားအရေကို ပြန်လည်စိုပြေစေပါတယ်။အဆီပြန်တတ်တဲ့အသားအရေအတွက်လည်း ကောင်းမွန်ပြီး ကျယ်နေတဲ့ ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။

ပါဝင်ပစ္စည်း

ကြက်ဥ အကာ ၂ လုံး

သစ်ရှုး

Brush တစ်ခု

ဘယ်လိုသုံးမလဲ

အရင်ဆုံး ကြက်ဥအကာ နှစ်လုံးကို သေချာမွှေပေးလိုက်ပါ။ပြီးရင် သစ်ရှုးစကို သေချာခွဲလိုက်ပါ။ အဲဒီနောက် Brush နဲ့ ကြက်ဥအကာကို မျက်နှာပေါ်မှာ စိုနေအောင်လိမ်းပေးပါ။ ခပ်များများလေး လိမ်းပေးရမှာပါ။ ပြီးရင် သစ်ရှုစနဲ့ ကပ်ပေးပါ။ အဲဒီနောက် ခြောက်အောင်ထားပါ။ အသားအရေက တင်းလာပါလိမ့်မယ်။

ပြီးရင်တော့ သစ်ရှုးစကို ခွာချလိုက်ပါ။ ဆားဝက်ခြံလေးတွေ ထွက်လာတာ မြင်ရပါလိမ့်မယ်။ ဆားဝက်ခြံတွေကို ညှစ်ထုတ်လိုက်ပါ။ ပြီးရင် ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပြီး ၁ လလောက်လုပ်ပေးရင် ဆားဝက်ခြံတွေ ဝက်ခြံတွေနဲ့ ချွေးပေါက်ကျယ်တာတွေ သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။