အစဉ်အမြဲငယ်ရွယ်နုပျိုသည့်အသွင်ကို ရရှိရန်နှင့် အိုမင်းရင့်ရော်လာမှုကို ရှောင်ရှားရန်မှာ ကမ္ဘာပေါ်ရှိ အမျိုးသမီးတိုင်း၏ စိတ်ကူးအိမ်မက်ဖြစ်ပါသည်။ သို့သော်လည်း အိုမင်းလာသည်နှင့်အမျှ ပါးရေနားရေတွန့်ခြင်း၊ အရေးအကြောင်းများ၊ အမဲစက်များ ဖြစ်ပေါ်ခြင်းနှင့် အသားအရေခြောက်သွေ့ ကြမ်းတမ်းလာခြင်း စသည့်ဇရာလက္ခဏာများ ပြလာမှာဖြစ်ပါသည်။ ထို့ကဲ့သို့ အသားအရေပျက်စီးလာမှုကြောင့် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်မှုမရှိစေရန်နှင့် နုပျိုလှပသည့်အသွင်အပြင်ကို ထိန်းသိမ်းစေနိုင်ရန်အတွက် နေ့စဉ်မှန်မှန်လုပ်ဆောင်ပေးနိုင်သည့် နည်းလမ်းလေးများကို ဝေမျှပေးလိုက်ရပါသည်။

၁။ တစ်နေ့တာကို CTM ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြင့်အစပြုပါ။

မျက်နှာအသားအရေကို သန့်စင်ခြင်းသည်အလွန်အရေးကြီးသော်လည်း မိန်းကလေးတော်တော်များများ အမှားလုပ်မိသည့်အဆင့်ဟုလည်း ပြော၍ ရပါတယ်။ မျက်နှာသန့်စင်မှုပြုလုပ်သည့်အခါမှာ အစဉ်အမြဲ Toning နှင့် Moisturizing ကိုပါ တပါတည်းပူးတွဲလုပ်ဆောင်ရန်အရေးကြီးသော်လည်း အချို့မိန်းကလေးများက ကျော်သွားတတ်ကြပါတယ်။ ထို့အတွက် CTM (Cleansing-Toning-Moisturizing) ဆိုသည့် လုပ်ရိုးလုပ်စဉ်ကို မနက်တိုင်းလုပ်ဆောင်ပေးပါ။

၂။ မျက်လုံးကိုအသားပေးဂရုစိုက်ပါ။

အိုမင်းရင့်ရော်ခြင်းနှင့် အရေးအကြောင်းများ ရှေးဦးပထမဖြစ်ပေါ်လာသည့်နေရာမှာ မျက်လုံးနှင့် နဖူးတဝိုက်ရှိ အသားအရေများပဲဖြစ်ပါတယ်။ မျက်လုံးအောက်နှင့် တဝိုက်ရှိအသားအရေများမှာ အခြားမျက်နှာပေါ်ရှိအသားအရေများထက် ပိုမိုပါးလွှာသည့်အတွက် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ ထို့အတွက် အရည်အသွေးကောင်းမွန်သည့် eye cream လိမ်းပေးခြင်း၊ ရေ၀၀လင်လင်သောက်ပေးခြင်းတို့က အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်မှာဖြစ်ပါတယ်။

၃။ ကျန်းမာရေးနှင့် ညီညွတ်မျှတစွာစားသုံးပါ။

အခြားအပြင်ပိုင်းဂရုစိုက်မှုများကို လုပ်ဆောင်ရန်သာမက ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်မှုပုံစံကိုစားသုံးပေးရန်မှာလည်း အင်မတန်အရေးကြီးပါတယ်။ Antioxidants ကြွယ်ဝစွာပါဝင်သည့် အသီးအနှံများ၊ အစိမ်းရောင်အသီးအရွက်များကို များများစားသုံးပေးခြင်းဖြင့် ပျက်စီးနေသည့်အသားအရေကို ပြန်လည်ပြုပြင်ပေးနိုင်သလို အချိုလွန်ကဲသော၊ အဆီများသောအစားအစာများကို အထူးရှောင်ရှားစေလိုပါတယ်။

၄။ ချွေးထွက်စေပါ။

ချွေးထွက်ခြင်းသည် သင့်အသားအရေကို အတွင်းမှအပြင်သန့်စင်ပေးနိုင်မည့် သဘာဝနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ချွေးထွက်ရန်အတွက် ကိုယ်ကာယနှင့် အားကစားလေ့ကျင့်ခန်းများကို နေ့စဉ်ရက်ဆက်မှန်မှန်လုပ်ဆောင်ပေးပြီးနောက် ထွက်လာမည့် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ချွေးနှင့်အတူ ရေချိုးနေစဉ်အတွင်းဆေးကြောပစ်နိုင်ပါတယ်။

၅။ အသားအရေကို အထူးကာကွယ်ပါ။

နေလောင်ကွက်များ နှင့် အသားအရေမည်းခြောက်ခြင်းများသည် မပြောပလောက်သော်လည်း ကြာရှည်စွာ နေပူခံပါက အသားအရေကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်ပါတယ်။ ထိုမှတဆင့် အရေပြားကင်ဆာများကိုပါ ဖြစ်ပေါ်စေနိုင်သောကြောင့် နေပူထဲသို့မထွက်မီ sunscreen ကို အမြဲလိမ်းခြယ်ပေးပါ။ ထို့နောက် ထီး၊ ဦးထုပ်၊ ပုဝါကို အမြဲကိုယ်နှင့်မကွာဆောင်ထားခြင်းဖြင့် ခရမ်းလွန်ရောင်ခြည်များ၏ အန္တရာယ်မှကာကွယ်နိုင်မှာဖြစ်ပါတယ်။