လမ်းလျှောက်ရတာများတဲ့အခါ ရာသီဥတု ပြောင်းလဲတဲ့အခါတွေမှာ ခြေဖနောင့်တွေ အက်ကွဲတတ်ပါတယ်။ ဒါတွေကို အကောင်းအတိုင်း ဖြစ်ပြီး နူးညံ့တဲ့ ခြေဖဝါး တစ်စုံရစေဖို့ ဒီနည်းလမ်းလေးတွေ လုပ်ပေးရုံပါပဲ။
- ရေနွေးနဲ့ ချေးတွန်းကျောက်
ခြေဖနောင့်အက်ကွဲတာအပြင် အဖတ်လိုက် ကွာထွက်တတ်သူများအတွက် ခြေထောက်ကို ရေနွေးနဲ့ အရင်စိမ်ပေးရပါမယ်။ ရေနွေးထဲမှာ ဆပ်ပြာရည်အနည်းငယ်ထည့်ပါ။ ရေနွေးဇလုံထဲ ခြေထောက်ကို မိနစ်နှစ်ဆယ်ခန့်စိမ်ပေးပါ။ ထိုအချိန်မှာ ခြေထောက်အက်ကွဲတာတွေ နူးညံ့လာပါလိမ့်မယ်။ နူးညံ့လာပြီဆိုရင် ခြေဖနောင့်ကို ချေးတွန်းကျောက်နဲ့ ပွတ်တိုက်ပေးပါ။ ကွဲအက်တာတွေကို ဖယ်ထုတ်လိုက်တဲ့ သဘောပါပဲ။ ပွတ်ပြီးရင် ရေအေးနဲ့ပြန်ဆေးပါ။ Lotion တစ်ခုခု လိမ်းပေးပြီး ခြေအိတ်စွပ်ထားပါ။
- ဂလစ်စရင်း
သေချာစွာ သန့်စင်ထားသော ခြေဖနောင့်ကို ဂလစ်စရင်းအလှဆီ စိမ့်ဝင်အောင်လိမ်းပေးပါ။ အိပ်ခါနီးလိမ်းရင်ပိုအဆင်ပြေပါတယ်။
- လိမ်းဆေးများ
အိမ်မှာရှိတဲ့ ဒဏ်ကြေဆေးနဲ့ အကိုက်အခဲပျောက်လိမ်းဆေးတွေက ခြေဖနောင့်ကွဲတာ သက်သာစေပါတယ်။ ခြေထောက်ကို ရေနွေးနဲ့သန့်စင်အောင် ဆေးပြီး လိမ်းဆေး လူးထားပေးပါ။
- ငှက်ပျောသီး
ငှက်ပျောသီးအနှစ်ကို ခြေဖနောင့်မှာ လိမ်းပေးခြင်းဖြင့် အစိုဓာတ်ရရှိစေပြီး ခြေဖနောင့်အက်ကွဲတာကို သက်သာစေပါတယ်။