ဒီကနေ့ခေတ်မှာ လေထုညစ်ညမ်းမှုတွေများလာတာနဲ့အမျှ ကျွန်မတို့ အသားအရေတွေ၊ ဆံကေသာတွေကိုလည်း ထိခိုက်ပျက်စီးလာစေပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ပြုမူနေထိုင်မှုနဲ့ အရည်အသွေးညံ့တဲ့ အလှကုန်ပစ္စည်းတွေကြောင့် သင့်အသားအရေနဲ့ ဆံကေသာ ပျက်စီးလာစေပါတယ်။

ငွေကြေးလည်း သိပ်အကုန်အကျခံစရာမလိုဘဲ သဘာဝနည်းလမ်းနဲ့ အသားအရေနဲ့ ဆံကေသာလှစေမယ့် နည်းလမ်းကောင်းကိုမျှဝေပေးချင်ပါတယ်။

လိုအပ်တဲ့ပစ္စည်း


ရှားစောင်းလက်ပက်အရွက် ၂ ခု

သံပုယိုသီးတစ်ခြမ်း

ခွက် ၃ ခွက်

ဓါး တစ်လက်

ကြိတ်စက် (သို့)ဖျော်စက် ၁ ခု

ပြုလုပ်နည်း

အရင်ဆုံး ရှားစောင်းလက်ပပ်ကို ဖြတ်လိုက်ပြီး ဘေးနှစ်ဖက်ကို လှီးလိုက်ကာ အထဲက အဖတ်ကို ခွာပေးလိုက်ပါ။ ပြီးရင်ခွက်တစ်လုံးထဲထည့်ထားပါ။

နောက်ထပ် ခွက်တစ်လုံးထဲမှာ သံပုရာသီးကို အရည်ညှစ်ပြီးထည့်လိုက်ပါ။ အစေ့မပါပါစေနဲ့။

အဲဒီနောက် ကြိတ်စက် (သို့) ဖျော်စက်ထဲထည့်ပြီး ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို ကြိတ်လိုက်ပါ။ ပြီးရင် ခွက်တစ်လုံးထဲထည့်ထားလိုက်ပါ။

အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပါပြီ။

အသုံးပြုနည်း

အသားရေ ခြောက်သွေ့တာသက်သာစေဖို့၊ ချွေးပေါက်ပွင့်စေပြီး ဆားဝက်ခြံနဲ့ အမည်းစက်တွေသက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။ မျက်နှာကိုအရင်သစ်ပါ။ ပြီးရင်ခြောက်အောင်သုတ်ပေးပြီး အခုလုပ်ထားတဲ့ ရှားစောင်းလက်ပပ်ကို လိမ်းပေးလိုက်ပါ။ ၁၅မိနစ်လောက်ထားပြီး ရေဆေးချပါ။ ပြီးရင် ခြောက်အောင်ပြန်သုတ်ပြီး Moisturizer လိမ်းပေးထားပါ။

ဆံကေသာအတွက်ဆိုရင်တော့ ဆံပင်ကျွတ်တာသက်သာဖို့နဲ့၊ ဗောက်နဲ့ အဆီပြန်တာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဆံကေသာကို သဘာဝအတိုင်း သန်စွမ်းစေပါတယ်။

ခေါင်းမလျှော်ခင် အခုလိုလုပ်ထားတဲ့ ရှားစောင်းလက်ပပ်ကို ဦးရေပြားနဲ့ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးလိုက်ပါ။ ပြီးရင် နာရီဝက်လောက် ထားပြီး ခေါင်းလျှော်ရည်ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပါ။