နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုတွေကြောင့် အသားအရေခြောက်သွေ့တာနဲ့ညိုမည်းတာတွေက ကျွန်မတို့အမြဲကြုံတွေ့နေကျပြသာနာတခုပါ။ ပတ်ဝန်းကျင်ညစ်ညမ်းတာ၊ စိတ်ဖိစီးမှုများတာနဲ့ ဓာတုဗေဒပစ္စည်းတွေပါဝင်တဲ့ အလှကုန်ပစ္စည်းတွေသုံးစွဲတာတွေကလည်း ကျွန်မတို့အသားအရေကို ခြောက်သွေ့ပျက်စီးစေပါတယ်။

လူတော်တော်များများဟာ အလှကုန်ပစ္စည်းတွေကိုသုံးစွဲပြီး ဒီကိစ္စကိုဖြေရှင်းဖို့ကြိုးစားကြပါတယ်။ ဒါကြောင့်လည်း ဈေးကွက်ထဲမှာ Skin Whitening Cream တွေနဲ့ Lotion တွေက အဓိကနေရာယူထားကြတာပါ။ ဒီပစ္စည်းတွေမှာ သင့်ရဲ့အရေပြားကို အန္တရယ်ဖြစ်စေတဲ့ပစ္စည်းတွေ ပါဝင်တဲ့အပြင် ပေးရတဲ့ဈေးကလည်း မသက်သာလှပါဘူး။ ဒီတော့ သင့်ရဲ့အချိန်ရော ငွေပါ သက်သာစေဖို့ လွယ်လွယ်ကူကူလည်းပြုလုပ်နိုင်တဲ့ အသားအရေလှပစေနိုင်တဲ့ သဘာဝပစ္စည်းအချို့ အကြောင်းပြောပြပေးပါမယ်။

ပျားရည် – ပျားရည်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း နေရာတော်တော်များများမှာ ဆေးဖက်ဝင်ပါတယ်။ သင့်အသားအရေအတွက်ဆိုရင်တော့ ပျားရည်က ချွေးပေါက်တွေမှာကပ်နေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ရုံသာမက အသားအရေရဲ့ အစိုဓာတ်ကိုလည်း ထိန်းထားပေးဦးမှာပါ။

အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေနဲ့ ဝက်ခြံအမာရွတ်တွေကိုလည်း ပျားရည်ကပျောက်ကင်းစေပါတယ်။ အသားဖြူချင်တဲ့သူဆိုရင်တော့ ပျားရည်ရယ် သံပုရာရည်ရယ် လက်ဖက်ရည်ဇွန်းတဇွန်းစီ၊ နှို့မှုန့်စားပွဲတင်ဇွန်းတဇွန်းကို Almond အဆီ လက်ဖက်ရည်ဇွန်းတဝက်နဲ့သမအောင်ရောပြီး လိမ်းပေးပါ။ ၁၀ (သို့) ၁၅မိနစ်ခန့်ထားပြီး ရေအေးနဲ့ဆေးလိုက်ပါ။ နေ့စဉ်လုပ်ပေးရင် အသားအရည်ဖြူဝင်းလာစေမှာပါ။

ရှားစောင်းလက်ပပ် – ရှားစောင်းလက်ပပ်ရဲ့ကောင်းကျိုးကတော့ ရှင်းပြနေစရာလိုမယ်မထင်ပါဘူး။ သင့်မှာ ရှားစောင်းလက်ပပ်ပင်ရှိခဲ့မယ်ဆိုရင် သူ့ရဲ့အပြင်ဆုံးအရွက်ရဲ့တနေရာကို ဓားနဲ့လှီးလိုက်ပါ။ ပြီးရင်လက်နဲ့ညှစ်လိုက်ရင် Gel လိုမျိုး အစေးတွေထွက်လာပါလိမ့်မယ်။ ဒါကို သင့်အရေပြားမှာသုတ်လိမ်းပြီး နာရီဝက်ခန့်နေရင် ရေဆေးချလိုက်ပါ။ ဒါကတော့ သန့်စင်တဲ့ သဘာဝ Aloe Vera Gel ပဲဖြစ်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

ဒိန်ချဉ် – သန့်စင်တဲ့ဒိန်ချဉ်ကို သင့်အသားပေါ်မှာလိမ်းပေးပြီး မိနစ်အနည်းငယ်ထားပြီးနောက် ရေခပ်နွေးနွေးလေးနဲ့ သန့်စင်ပေးလိုက်ပါ။ ဒီလိုမျိုးနေ့စဉ်ပြုလုပ်ပေးမယ်ဆိုရင် တလအတွင်းမှာပဲ သင့်ရဲ့အသားအရေက ထူးထူးခြားခြား ဝင်းပလာမှာပါ။

သခွားသီး – သခွားသီးကို အကွင်းလိုက်လှီးပြီး မျက်နှာကိုကပ်ပေးတာကလည်း ကောင်းတဲ့နည်းလမ်းပါပဲ။ ဒါမှမဟုတ်ရင်လည်း သခွားသီးကို ခပ်ပျစ်ပျစ်ဖြစ်တဲ့အထိချေပြီး ပျားရည်နဲ့ရောကာ Mask အဖြစ်လည်း သုံးနိုင်ပါတယ်။

သင်္ဘောသီး – သင်္ဘောသီး ပုံမှန်စားပေးခြင်းကလည်း သင့်ရဲ့ခန္တာကိုယ်ထဲမှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ရုံသာမကဘဲ အရေပြားပြသာနာကိုလည်း ဖြေရှင်းပြီးသားဖြစ်စေပါတယ်။ သင်္ဘောသီးအသားကို ပျစ်နေအောင်ချေပြီး အသားပေါ်မှာလိမ်းပါ။ ခြောက်သွားတဲ့အခါကျမှ ရေဆေးလိုက်ပါ။ ဒါမျိုးနေ့စဉ်လုပ်သွားမယ်ဆိုရင်တော့ သင့်ရဲ့ အသားအရေကို စိုပြေတောက်ပလာစေမှာ အမှန်ပါပဲ။ သင်္ဘောသီးအမှည့်ကို ကျေညက်အောင်ချေပြီး သံပုရာရည်နဲ့ရောကာ မျက်နှာနဲ့လည်ပင်းတဝိုက်ကို လိမ်းပြီး ရေအေးနဲ့ မိနစ် ၃၀ ခန့်နေရင်ဆေးချလိုက်ပြီးတော့လည်း အသားဖြူလာအောင်လုပ်နိုင်ပါတယ်။

ဒါတွေကတော့ အသားအရေဖြူဖွေးဝင်းပလာစေဖို့ သဘာဝပစ္စည်းတွေနဲ့ အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။