သကြားက သွားကျန်းမာရေးအတွက်သာမက လူ့ခန္ဓာကိုယ်အတွက်ပါ ဆိုးကျိုးတွေ အများကြီးဖြစ်စေပါတယ်။ သကြားဓာတ်က ခန္ဓာကိုယ်ထဲမှာ ပျော်ဝင်နေရင် ကျန်းမာရေးကို အရမ်းထိခိုက်နိုင်ပါတယ်။

အိုမင်းရင့်ရော်စေ

သကြား က သွေးလမ်းကြောင်းထဲကို ဝင်ရောက်တဲ့အခါမှာ အရွယ်တင်နုပျိုမှုကို ကူညီပေးတဲ့ Collagen နဲ့ Elastin ပရိုတင်းဓာတ်တွေနဲ့ ပေါင်းစပ်သွားပါတယ်။ ဒီလို ပေါင်းစပ်မှုကြောင့် သကြားက Collagen ဓာတ်နဲ့ Elastin ဓာတ်တွေပျက်စီးသွားပြီး အသားအရေ ခြောက်ကပ်တာတွေ၊ အရေးအကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။

အဲ့ဒီအပြင် အသားအရေကို ထိခိုက်စေတဲ့ ပစ္စည်းတွေ ထုတ်လုပ်ပြီး နေရောင်ဒဏ်တွေမခံနိုင်တော့ဘဲ အိုမင်းရင့်ရော်စေပါတယ်။

ရောင်ရမ်းမှု

သကြားက ခန္ဓကိုယ်အတွင်း ရောင်ရမ်းမှုကို အားပေးပါတယ်။ ဒါကြောင့် ကိုယ်အတွင်းအင်္ဂါတွေ ရောင်ရမ်းတာ၊ အသားအရေတွေ တွဲလာတာ၊ အရေးအကြောင်းတွေလည်း ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီအပြင် တခြား ရောဂါတွေဖြစ်တဲ့ အဆစ်အမြစ် ကိုက်ခဲတာတွေလည်း ခံစားရတတ်ပါတယ်။

နှလုံး သွေးကြောဆိုင်ရာ ရောဂါတွေဖြစ်ပေါ်

၂၀ ရာစုတုန်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို လျော့နည်းစေဖို့ သွေးအတွင်း ကိုလက်စထေရာဓာတ်ဖြစ်ပေါ်မှု နည်းပါးတဲ့ ဆီတွေ စားသုံးဖို့ ဆရာဝန်တွေက ပြောခဲ့ကြပါတယ်။ အဲ့ဒီခေတ်တုန်းက သကြားက တခြား တိရစ္ဆာန်အဆီတွေထက် ပိုပြီး အန္တရာယ်နည်းတယ်လို့ ထင်ကြပါတယ်။ ဒါကြောင့် လူတွေက အဆီတွေ အဓိကထား ရှောင်ကြဉ်ကြပေမယ့် သကြားကိုတော့ လျော့မစားကြပါဘူး။

ဒါပေမယ့် ၂၁ ရာစုခေတ်ရဲ့ သုတေသနရလဒ်တွေအရ အခြေအနေတွေပြောင်းလဲသွားပါတယ်။ သကြားက သွေးအတွင်း ကိုလက်ထရောဓာတ်ကိုမြင့်တက်စေပြီး သွေးကြောနံရံတွေမှာ အနယ်ကျပါတယ်။ ဒါကြောင့် နှလုံးသွေးကြောကျဉ်းရောဂါလိုမျိုး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ ဖြစ်ပွားမှုရဲ့ အဓိက အကြောင်းအရင်းက သကြားကြောင့် ဖြစ်နေပါတယ်။

စိတ်ဓာတ်ကျ၊ စိတ်လှုပ်ရှားမှု ဖြစ်စေနိုင်

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သုတေသန ရလဒ်အရ သကြားက လူတွေက စိတ်ဓာတ်ကျအောင် ပြုလုပ်နိုင်ပါတယ်။ သကြားကြောင့် ခန္ဓာကိုယ်အတွင်း BDNF ဟော်မှုန်း အဆင့်တွေ လျော့ကျစေပြီး လူတွေကို စိတ်ဓာတ်ကျရောဂါနဲ့ စိတ်ကစဉ့်ကရား ရောဂါတို့ကို ဖြစ်စေတတ်ပါတယ်။

အဲ့ဒီအပြင် သကြားက လူတွေကို စိတ်တိုအောင်လည်း လုပ်ဆောင်နိုင်ပါတယ်။ မကြာသေးခင်က သကြားနဲ့ပတ်သက်ပြီး ကြွက်တွေကို စမ်းသပ်ခဲ့ပါတယ်။ ကြွက်တွေကို သကြားပိုကျွေးလေလေ ကြွက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြုမှုပုံတွေက ပိုဆိုးလာတာကို တွေ့ရပါတယ်။ သကြားက သင်ယူလေ့လာမှုနဲ့ မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ ဦးနှောက်ဆဲလ်တွေကို ဖျက်ဆီးနိုင်ပါတယ်။