ကိုယ့်အသက်အရွယ်ဘယ်လောက်လဲဆိုတာကိုတောင် ခန့်မှန်းရခက်လောက်အောင် အသားအရေ နုပျိုလှပနေသူတွေရှိပါတယ်။ အခုလို အသားအရေလေး နုပျိုစိုပြေလှပနေစေဖို့အတွက် နည်းလမ်းကောင်းတွေကိုမျှဝေပေးချင်ပါတယ်။ အဓိကကတော့ နေရောင်ချည်ထိတွေ့မှုကို ရှောင်မယ်။ လေထုညစ်ညမ်းမှုကို တတ်နိုင်သမျှကာကွယ်မယ်။ အပြင်ကပြန်လာရင် မျက်နှာကိုသေချာသစ်မယ်။ ကိုယ်နဲ့ တည့်တဲ့ အလှကုန်ပစ္စည်းတွေကို သုံးမယ်။ SPF ပါဝင်တဲ့ Lotion တွေလိမ်းမယ်။ ဒါဆိုရင် အသားအရေထိန်းသိမ်းရာရောက်ပြီးသားပါ။

အုန်းဆီနဲ့ ဆား (သို့) သကြား

အုန်းဆီဟာ သင့်အသားအရေကို ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပြီး သင့်အသားအရေကို စိုပြေစေပါတယ်။

ဆား (သို့) သကြား ဟာဆိုရင်လည်း ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စိုပြေစေပါတယ်။

ပါဝင်ပစ္စည်း

အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ဆား (သို့) သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ခွက်အသေးတစ်လုံးထဲမှာ ပါဝင်ပစ္စည်းနှစ်မျိုးလုံးကိုထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် မိတ်ကပ်ကိုသေချာဖျက်ပေးပြီး မျက်နှာသစ်ပါ။ ပြီးရင် အခုရောထားတာကို မျက်နှာပေါ်မှာ ဖြည်းဖြည်းချင်း ပွတ်လိမ်းပေးပါ။ ၁၅ မိနစ်ကနေ မိနစ် ၂၀ ထိထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်။ ညအိပ်ယာမဝင်ခင်လုပ်ပေးပါ။

ဒိန်ချဉ်နဲ့ နှင်းဆီ

နှင်းဆီပန်းဟာ ပန်ဖို့တစ်ခုတည်းအသုံးပြုလို့ရတာမဟုတ်ပါဘူး။ အလှပအတွက်လည်းအသုံးပြုလို့ရပါတယ်။ နှင်းဆီပန်းကို ရေသေချာဆေးပြီး ရေဆစ်ထားပါ။ အိုးတစ်လုံးထဲကို ရေထည့်ပြီး ဆူအောင်သည်လိုက်ပါ။ ပြီးရင် နှင်းဆီပွင့်ထည့်လိုက်ပြီး ခဏကျိုထားလိုက်ပါ။ ပြီးရင်အအေးခံထားပါ။ အဲဒီနှင်းဆီရည်ကို မျက်နှာသန့်စင်ဖို့အတွက် တိုနာအနေနဲ့လည်းအသုံးပြုလို့ရပါတယ်။

အခုတော့ ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ နှင်းဆီရည် စားပွဲတင်ဇွန်း ၁ ဇွန်းရောပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ ပြီးရင် မိနစ် ၂၀ ကနေ ၃၀ ထိထားပြီး ရေဆေးချပေးလိုက်ပါ။ တစ်ပတ်ကို  ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။